၇. ၈. ၂၀၂၆
Translated by Thettant, Htwe Ko Tun
ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်၊ ဘန်းခရွေ့ (Bang Kruai) မြို့နယ်ရှိ Debsirin Nonthaburi ကျောင်းတွင် သောကြာနေ့ (ဩဂုတ် ၇ ရက်) နံနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၆ ဦး သေဆုံးကာ အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
သေနတ်သမားဟု သံသယရှိသူ အလယ်တန်းကျောင်းသားကိုလည်း နောက်ပိုင်းတွင် သေဆုံးလျက် တွေ့ရှိခဲ့သဖြင့် ကျောင်းတွင်း ပစ်ခတ်မှုတစ်ခုတည်း၌ပင် စုစုပေါင်း သေဆုံးသူ ၇ ဦးအထိ ရှိလာခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထင်ရှားသော အထက်တန်းကျောင်းအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ပိုတက်ထောင် ဖောင်ဒေးရှင်း (Poh Teck Tung Foundation) မှ စေတနာ့ဝန်ထမ်းများထံ သတင်းပို့ချက် ရရှိခဲ့ခြင်းဖြစ်သည်။ ကျောင်းအတွင်းရှိ ကျောင်းသားတစ်ဦး၏ ပြောကြားချက်အရ ခရမ်းရောင် ကာယဝတ်စုံ ဝတ်ဆင်ထားသော သေနတ်သမားသည် ကျောင်းဝင်းအတွင်း ကျည်ဆန်အမြောက်အမြား ပစ်ခတ်ခဲ့ကြောင်း သိရသည်။
သတင်းဖော်ပြချက်များအရ ကျောင်းတွင်း သေဆုံးသူများတွင် ဆရာ/ဆရာမ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် သေနတ်သမားဟု သံသယရှိသူတို့ ပါဝင်သည်။ ဒဏ်ရာရရှိသူ ၁၅ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ၎င်းတို့ကို ဆေးရုံများသို့ ပို့ဆောင်ကုသပေးထားသည်။
၉ မမ ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားသည့် Grade 9 (Mathayom 3) ကျောင်းသားဖြစ်သူ သံသယရှိသူသည် ကျောင်း၏ ပန်းရောင်အဆောက်အအုံ တတိယထပ်တွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ သေနတ်သမားသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
သက်ဆိုင်ရာ အာဏာပိုင်များသည် ကျောင်းသားများနှင့် ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်နှင့် ကျောင်းဝင်းတစ်ခုလုံးကို လုံခြုံရေးစည်းတားဆီးရန် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို အနှောင့်အယှက်မဖြစ်စေရန်အတွက် အခင်းဖြစ်စဉ်ကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း (Livestreaming) မပြုလုပ်ကြရန်နှင့် ပတ်ဝန်းကျင်ဧရိယာသို့ မလာရောက်ကြရန် အာဏာပိုင်များက အများပြည်သူသို့ မေတ္တာရပ်ခံထားသည်။
မှုခင်းဆရာဝန်များနှင့် ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခြင်း၊ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် သေနတ်ကို စိစစ်ခြင်းနှင့် သက်သေများကို စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိစဉ် အဆိုပါ သံသယရှိသူ ကျောင်းသားသည် ကျောင်းသို့ မလာရောက်မီ ၎င်း၏နေအိမ်၌ မိသားစုဝင် နှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ထပ်မံသိရှိခဲ့ရသည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူ၏ Wat Lat Pla Duk လမ်းကြားရှိ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သံသယရှိသူ၏ ဘိုးဘွားများဟု ယူဆရသည့် အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့သဖြင့် ယနေ့ဖြစ်စဉ်များအတွင်း စုစုပေါင်း သေဆုံးသူ ၉ ဦးအထိ ရှိလာခဲ့သည်။ အာဏာပိုင်များသည် သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် သေဆုံးရသည့် အကြောင်းအရင်းများကို ဖော်ထုတ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ် သံသယရှိသူ၏ ဖခင်ဖြစ်သူသည် ကျောင်းသို့ ရောက်ရှိလာခဲ့ပြီး စုံစမ်းစစ်ဆေးသူများက စစ်ဆေးမေးမြန်းလျက်ရှိသည်။ ပစ်ခတ်ရသည့် အကြောင်းရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
Ref : Bangkok Post & Khaosod









