၁၁.၇.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တစ်ကင်းဒမ်း) နိုင်ငံတွင် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦးကို သတ်ဖြတ်မှုနှင့် ဆက်စပ်၍ အလိုရှိနေသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးမိပြီဖြစ်ကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်က ပြောကြားခဲ့သည်။
အမှုမှာ ဗြိတိန်နိုင်ငံ၊ ဘက်ဖို့ဒ်ရှိုင်းယားခရိုင်၊ ဂရိတ်ဒန်ဟမ် ကျေးရွာရှိ အိမ်တစ်အိမ်တွင် အသက် ၄၂ နှစ်ရှိ နိုတာဘို ဇန်ဒီလီ ရှုးမားနှင့် သမီးနှစ်ဦးဖြစ်သော ၁၅ နှစ်အရွယ် နာတာလီ နှင့် ငါးနှစ်အရွယ် နာလာတို့၏ အလောင်းများကို ဗြိတိန်ရဲတပ်ဖွဲ့က ဇူလိုင်လ ၆ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် Ndodana Mkhanyisi Tshuma သည် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း၏မိသားစု၏ အလောင်းများကို ရဲတပ်ဖွဲ့က မတွေ့ရှိမီ နှစ်ရက်အလိုတွင် လန်ဒန်မြို့၊ ဟိတ်သရိုး လေဆိပ်မှ ဇင်ဘာဘွေသို့ ထွက်ခွာသွားသည်ဟု ယုံကြည်ရကြောင်းလည်းး ရဲတပ်ဖွဲ့ ကပြောခဲ့သည်။
Ndodana Mkhanyisi Tshuma (Mark ဟုလည်း ခေါ်သည်) ကို ယခုအခါ တောင်အာဖရိက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။
တောင်အာဖရိကရဲတပ်ဖွဲ့၏ အမျိုးသားပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် အက်သလင်ဒါ မက်သ်က Interpol ၏ ပံ့ပိုးမှုဖြင့် ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
မက်သ်က “နာရီပိုင်းအတွင်းမှာပဲ ရဲတပ်ဖွဲ့က ထိုအမျိုးသားကို ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ရှိ ကင်းဆင်တန်ရပ်ကွက်မှာ ခြေရာခံနိုင်ခဲ့ပြီး ဖမ်းဆီးမိခဲ့တာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏အဆိုအရ ထိုသူသည် ဇင်ဘာဘွေနွယ်ဖွား ဗြိတိန်နိုင်ငံသားတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။ သံသယရှိသူကို ဇူလိုင်လ ၁၃ ရက်တွင် တရားရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
Ref- Sky News
