၁၁.၇.၂၀၂၆
Written by Linn Eain
ချင်းတွင်းမြစ်ရေ၊ သံလွင်မြစ်ရေ၊ ဘီးလင်းမြစ်ရေတို့ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး ရွှေကျင်မြစ်ရေ၊ စစ်တောင်းမြစ်ရေတို့ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်သဖြင့် မြစ်ရေများမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၁ ရက်၊ နံနက် ၈ နာရီတွင် သတိပေးနှိုးဆော်ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဟုမ္မလင်းမြို့နယ်၊ ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေများမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၁ ရက်၊ နံနက် ၆ နာရီခွဲ တိုင်းထွက်ချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်တွင် ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။






