သက်တံ့
၁၀. ၇. ၂၀၂၆
သီရိလင်္ကာနိုင်ငံသည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ပြီးလျှင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ နိုင်ငံတကာဗဟိုချက်တစ်ခု ဖြစ်လာနေကြောင်း ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာကော်မတီ (COPF) ဥက္ကဋ္ဌ၊ လွှတ်တော်အမတ် ဟာရှာ ဒီ ဆေးလ်ဗား (Harsha de Silva) က မနေ့ကပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်၍ ထိတ်လန့်ဖွယ်ရာ အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
“အွန်လိုင်းလောင်းကစားဂိမ်းတွေဟာ သီရိလင်္ကာလူငယ်တွေနဲ့ ကလေးသူငယ်တွေကြားမှာ အလွန်ခေတ်စားလာနေပါတယ်” ဟု ကော်မတီဥက္ကဋ္ဌက ပြောကြားပြီး၊ ၎င်း၏လက်ကိုင်ဖုန်းကို အသုံးပြု၍ အွန်လိုင်းလောင်းကစားပလက်ဖောင်းများအတွင်းသို့ မည်သို့ဝင်ရောက်ရသည်ကို လွှတ်တော်၌ လက်တွေ့ သရုပ်ပြသခဲ့သည်။
“သီရိလင်္ကာနိုင်ငံဟာ တကယ်ပဲ တရားမဝင် အွန်လိုင်းလောင်းကစားဗဟိုချက်တစ်ခု ဖြစ်လာနေပါပြီ” ဟု ၎င်းက ဆိုသည်။ ၎င်း၏ပြောပြချက်အရ အဆိုပါ အွန်လိုင်းဂိမ်းများအတွက် ငွေပေးချေမှုပြုလုပ်နိုင်သည့် နည်းလမ်းပေါင်း ၄၀ ကျော်ရှိကြောင်း သိရသည်။
“မြန်မာနဲ့ ကမ္ဘောဒီးယားပြီးရင် သီရိလင်္ကာကို အဓိက အွန်လိုင်းလောင်းကစားဗဟိုချက်အဖြစ် နာမည်တပ်ပြီး ဖော်ပြခဲ့တာက ဂျပန်အခြေစိုက် Nikkei သတင်းစာ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံအနေနဲ့ အခုလို နာမည်ဆိုးနဲ့ ကျော်ကြားလာတာဟာ အလွန်ရှက်စရာကောင်းပါတယ်။ ဒါဟာ ထိရောက်တဲ့ ဥပဒေစည်းမျဉ်းတွေ မရှိတာကြောင့် ဖြစ်ပွားလာရတဲ့ အခြေအနေပါ” ဟု ၎င်းက ဝေဖန်ခဲ့ပြီး၊ အဆိုပါ အွန်လိုင်းလောင်းကစားပလက်ဖောင်းများကို လုပ်ကိုင်နေသည့် အဖွဲ့အစည်းအချို့မှာ ပြည်ပတွင် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါကုမ္ပဏီများကို သီရိလင်္ကာနိုင်ငံအတွင်း မှတ်ပုံတင်ခိုင်းမှသာ စနစ်တကျ ထိန်းချုပ်ကွပ်ကဲနိုင်မည် ဖြစ်သည်။
ယခုနှစ် ဧပြီလအတွင်းက အွန်လိုင်းလောင်းကစားကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဘဏ္ဍာရေးကော်မတီ (COPF) က မေးမြန်းထားသည့် မေးခွန်းပေါင်း ၁၈ ခုအပေါ် သီရိလင်္ကာဗဟိုဘဏ်အနေဖြင့် ကျေနပ်လောက်ဖွယ်ရာ အဖြေများ ပေးနိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ကာစီနိုလောင်းကစားရုံများကို ထိန်းချုပ်သည့် လက်ရှိဥပဒေများဖြင့် အွန်လိုင်းကာစီနို (Online Casinos) များကို စောင့်ကြည့်ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းက ထောက်ပြသည်။
“လောင်းကစားလုပ်ငန်း ထိန်းချုပ်ကွပ်ကဲရေးကော်မရှင် ဥက္ကဋ္ဌ အန်(မ်)၊ ဒဗလျူ၊ အန်(မ်)၊ ဗွီ၊ အန်(မ်) ဘန်ဒါရာ (N. M. W. N. Bandara) ကတော့ လာမည့် နိုဝင်ဘာလအတွင်းမှာ လောင်းကစားခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကော်မတီရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစည်းမျဉ်းတွေဟာ အခုထိ အချောသတ်နိုင်ခြင်း မရှိသေးပါဘူး” ဟု COPF ဥက္ကဋ္ဌက ပြောသည်။
“အဆိုပြုထားတဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကြမ်း၊ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ် အစီရင်ခံတင်ပြခြင်း ဥပဒေကြမ်းနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု နှိမ်နင်းရေး သဘောတူညီချက် ဥပဒေကြမ်းတွေဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ဥပဒေအလွဲသုံးစားလုပ်ပြီး လွတ်မြောက်နေတဲ့ ဥပဒေဟာကွက်တွေကို ဖြည့်ဆည်းဖို့ကလည်း အလားတူ အရေးကြီးပါတယ်” ဟု ၎င်းက အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။
Ref : Daily Mirror
