သက်တံ့
၁၀. ၇. ၂၀၂၆
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ရှိ ကျောင်းအုပ်ကြီးတစ်ဦးသည် ကျောင်းသူ ၁၁ ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ရာထူးမှ နှုတ်ထွက်စာ တင်ထားပြီးဖြစ်သော်လည်း ၎င်းအပေါ် ပြင်းထန်သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ထိုင်းပညာရေးဝန်ကြီးဌာနက အမိန့်ပေးလိုက်သည်။
အကယ်၍ စွပ်စွဲချက်များ မှန်ကန်ကြောင်း ပေါ်ပေါက်ပါက ၎င်းအား ရာထူးမှ ထုတ်ပယ်ပြီး ပင်စင်လစာများကိုပါ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကန်ချနဘူရီပြည်နယ်မှ မိဘအုပ်ထိန်းသူအဖွဲ့တစ်ဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ ပဝီနာ ဟွန်ဆာကူလ် အမျိုးသမီးနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ဖောင်ဒေးရှင်း (Pavena Hongsakul Foundation for Women and Children) သို့ သွားရောက်ကာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စ ပဝီနာ ဟွန်ဆာကူလ် ထံ တိုင်ကြားစာ ပေးအပ်ခဲ့ကြသည်။

တိုင်ကြားစာအရ အဆိုပါပြည်နယ်ရှိ ကျောင်းတစ်ကျောင်းမှ အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကျောင်းသူ ၁၁ ဦးကို ကျောင်းအုပ်ကြီးက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကျောင်းသူများသည် ပဥ္စမတန်း (Prathom 5) မှ နဝမတန်း (Mathayom 3) အတွင်းရှိ ကျောင်းသူများ ဖြစ်ကြသည်။
မိဘများ၏ ပြောပြချက်အရ အချို့သော ကျောင်းသူများသည် တတိယတန်း (Prathom 3) တက်ရောက်စဉ် အသက် ၈ နှစ်၊ ၉ နှစ် အရွယ်ကတည်းက စတင်ကာ နေ့စဉ်ရက်ဆက်နီးပါး ထိပါးစော်ကားခံခဲ့ရခြင်းဖြစ်ပြီး စုစုပေါင်း ဖြစ်စဉ်အကြိမ်ရေ ရာနှင့်ချီရှိကြောင်း သိရသည်။
ကျောင်းအုပ်ကြီးသည် ကျောင်းသူများအား ဆံပင်ညှပ်ပေးမည်၊ အိမ်မှုကိစ္စ ကူညီလုပ်ဆောင်ပေးရမည် သို့မဟုတ် အဝတ်အစားများ ဝတ်ဆင်ကြည့်ရမည် စသည့် အကြောင်းပြချက်မျိုးစုံဖြင့် ကျောင်းဝင်းအတွင်းရှိ ဆရာကြီးနားနေဆောင်သို့ ဆင့်ခေါ်ကာ အာသာဖြေထိပါးကိုင်တွယ်လေ့ရှိကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ ထို့အပြင် ယင်းအကြောင်းကို တစ်ဦးဦးအား ပြောပြပါက ပညာသင်ဆုများ ပြန်လည်ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း စွပ်စွဲထားသည်။
အဆိုပါ ကျောင်းအုပ်ကြီးသည် ဇူလိုင် ၃ ရက်တွင် ရာထူးမှ နှုတ်ထွက်စာ တင်ခဲ့သည်။ မိဘများကမူ ယင်းလုပ်ရပ်သည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရန် ရုန်းထွက်ခြင်းဖြစ်မည်ကို စိုးရိမ်နေကြပြီး အမှုအဆုံးသတ်သည်အထိ တရားရင်ဆိုင်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြသည်။
ဝန်ကြီးဌာန၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးဗဟိုဌာနကို ဦးဆောင်နေသူ ပညာရေးဒုတိယဝန်ကြီး မစ္စတာ အာခါရာနန် ကန်နာကစ်တီနန် (Akaranan Kannakittinan) သည် အခြေခံပညာရေးကော်မရှင်ရုံး (OBEC) ဒုတိယအတွင်းရေးမှူးချုပ် မစ္စ အရုဏီ ဂျီရာမဟာဆန် နှင့် ကော်မရှင်၏ ရပိုင်ခွင့်ကာကွယ်ရေးဗဟိုဌာန ညွှန်ကြားရေးမှူး မစ္စတာ ထရင် ကန်ဒေါ့မိုင် တို့နှင့်အတူ အဆိုပါဖောင်ဒေးရှင်းသို့ လာရောက်ခဲ့သည်။
မစ္စတာ အာခါရာနန် က ပြောကြားရာ၌ ကျောင်းအုပ်ကြီးသည် ရာထူးမှ နှုတ်ထွက်စာ တင်ထားပြီး လာမည့် ၂ လအတွင်း သက်ပြည့်ပင်စင်ယူရတော့မည် ဖြစ်သော်လည်း ၎င်းအပေါ် ပြင်းထန်သည့် စည်းကမ်းထိန်းသိမ်းရေး စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ချက်ချင်းဖွဲ့စည်းရန် အခြေခံပညာရေးကော်မရှင်ရုံးနှင့် ဒေသန္တရပညာရေးဝန်ဆောင်မှုရုံးတို့ကို ညွှန်ကြားထားကြောင်း ဆိုသည်။

အကယ်၍ စွပ်စွဲချက်များ ခိုင်လုံပါက အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်မည်ဖြစ်ပြီး၊ ၎င်းမှာ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းနှင့် ပင်စင်ခံစားခွင့် အားလုံးကို ဆုံးရှုံးစေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခုလိင်ပိုင်းဆိုင်ရာ စော်ကားမှုကို သိရှိပါလျက်နှင့် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းအားလုံးကိုလည်း စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ထိခိုက်ခံရသည့် ကျောင်းသူများအား ကူညီပံ့ပိုးပေးရေးနှင့် ပတ်သက်၍ ရေရှည်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားပေးနိုင်ရန် စိတ်ပညာရှင်များနှင့် ဘာသာရပ်စုံ ပညာရှင်များအဖွဲ့ စေလွှတ်ပေးနိုင်ရေးအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မစ္စတာ အာခါရာနန် က ဆိုသည်။
ရာဇဝတ်မှုခင်းကိစ္စတွင်မူ ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးကော်မရှင်တို့က ခံရသူမိသားစုများအတွက် ဥပဒေကြောင်းအရ လိုအပ်သည်များကို အပြည့်အဝ ပံ့ပိုးကူညီပေးမည်ဖြစ်သည်။ အဆိုပါ ပြစ်မှုများသည် မတူညီသည့် အချိန်ကာလအသီးသီးတွင် ကျူးလွန်ခဲ့ခြင်းဖြစ်၍ အမှုတစ်ခုချင်းစီအလိုက် ပြစ်ချက်များအဖြစ် ရေတွက်စွဲချက်တင်သွားမည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“ဒီလိုမျိုး ပြစ်မှုကျူးလွန်တဲ့သူတွေကို ပညာရေးစနစ်အတွင်းမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ ဘယ်လိုမှ ခွင့်မပြုနိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
စွပ်စွဲခံ ကျောင်းအုပ်ကြီးသည် အသက်မပြည့်သေးသည့် ကျောင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexually abusing) နှင့် ညစ်ညမ်းစွာ လက်ရောက်ကျူးလွန်ခြင်း (Indecently assaulted) စသည့် စွဲချက်များဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် တရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်း မပြုမချင်း ၎င်းအား အပြစ်မဲ့သူအဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်သဖြင့် ၎င်း၏အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref : Thaiger
