နေမိုး
၆. ၇. ၂၀၂၆
လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့ နှစ်ဦးကို PDF ငါးဦးက ပစ်ခတ်သတ်ဖြတ်လိုက်မှု စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၅ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဆန်းဝင်း(၅၃)နှစ်သည် ရွှေဒုံးကျေးရွာနေ ကျေးရွာတာဝန်ခံဖြစ်သူ ဦးဇော်သန်း(၄၅)နှစ်နှင့်အတူ ရွှေဂုံတိုင်ကျေးရွာရှိ “လပြည့်ဝန်း” လက်ဖက်ရည်ဆိုင်၌ ရှိနေစဉ် PDF ငါးဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
