◾ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှပေးပို့လာသော လူဦးရေစာရင်းကိုစိစစ်ပြီး လစဉ်ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ဆောင်ရွက်နေသလို နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှုမှာ AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်ခြင်းများကြောင့်သာ ဖြစ်ကြောင်းပါ ပြော
◾ အစိုးရ၏ စဉ်ဆက်မပြတ် ဖိတ်ခေါ်မှုများကြောင့် PDF အဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ စုစုပေါင်း အင်အား ၄,၀၀၀ ကျော် ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်လာ
MT News
၁၀. ၇. ၂၀၂၆
နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် အစီရင်ခံစာတင်သွင်းခြင်းနှင့် ဆုံးဖြတ်ချက်အဆို တင်သွင်းခြင်းတို့သည် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေမှန်ကို ထင်ဟပ်နိုင်ခြင်းမရှိကြောင်း ကုလသမဂ္ဂကို နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူများနှင့်ဆန့်ကျင်လျက် မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ အစည်းအဝေးကာလအတွင်း ၂၉-၆-၂၀၂၆ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းမှုပြုလုပ်ခဲ့ပြီး အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း ၆-၇-၂၀၂၆ ရက်တွင် သက်ဆိုင်ရာမြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။
မဟာမင်းကြီး၏အစီရင်ခံစာတွင် ယခင်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများအတွင်း အထူးအစီရင်ခံစာတင်သွင်းသူဟုဆိုသူက တင်သွင်းခဲ့သည့် အစီရင်ခံစာနှင့် အချက်အလက်များကိုသာ ထပ်တလဲလဲ ပြန်လည်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။ အဆိုပါ အစီရင်ခံစာတွင် အလွန်အမင်းအစွန်းရောက်သောအမြင်များနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ကောင်းစွာထင်ဟပ်နိုင်ခြင်းမရှိသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရသည်။
ထို့အပြင် အိုအိုင်စီကတင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆို အပါအဝင် ယခင်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂၀၁၆ နှင့် ၂ဝ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှု၏အဓိကအကြောင်းရင်း (မြစ်ဖျားခံရာ) ကိုဖော်ပြရန် ပျက်ကွက်သည်။ ထိုသို့ ပျက်ကွက်မှုက အဆိုပါဆုံးဖြတ်ချက်အဆိုများသည် နေရပ်စွန့်ခွာသူများဆိုင်ရာပြဿနာအား အဓိပ္ပာယ်ရှိစွာစိတ်ရင်းမှန်ဖြင့် ပူးပေါင်းဖြေရှင်းလိုမှုကင်းမဲ့သည်ကို ပြသနေသည်။ ဆုံးဖြတ်ချက်အဆိုတွင် စွပ်စွဲဖော်ပြထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမုန်းစကားဆိုင်ရာ အခြေအမြစ်မရှိ ဖော်ပြချက်များသည် မြေပြင်အခြေအနေနှင့် လွန်စွာကင်းကွာနေသည်ကို တွေ့ရှိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးနှင့်တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာပါက နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ စိစစ်ပြီးစီးသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောနိုင်ငံရေးဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားလိုသည်။ စိစစ်ပြီးစီးသည့် ပြန်လည်ဝင်ရောက်လာသူများကိုလက်ခံရန် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှပေးပို့လာသော လူဦးရေစာရင်းကိုစိစစ်ပြီး လစဉ်ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ဆောင်ရွက်လျက်ရှိသည်။ စင်စစ်အားဖြင့် လက်ရှိအချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှုမှာ AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်ခြင်းများကြောင့်သာ ဖြစ်သည်။
မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံတော်၏ လွှတ်တော်များနှင့် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်သည်။ ထို့အပြင် နိုင်ငံတော်သမ္မတသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိကာလကို ပြည်ထောင်စုအစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်မှုကာလအဖြစ်သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့များအားလုံးကို ထပ်မံဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် PDFs အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ ယင်းကဲ့သို့သော စဉ်ဆက်မပြတ် ဖိတ်ခေါ်မှုများကြောင့် လက်ရှိအချိန်အထိ PDFs အဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ စုစုပေါင်း အင်အား ၄,၀၀၀ ဦးကျော် ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မမှိတ်မသုန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ်အတွင်း လူ့အခွင့်အရေးကောင်စီမျက်နှာစာ၌ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့်ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်အဆိုများ တင်သွင်းခြင်းတို့သည် အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်သည်။ သို့ဖြစ်ရာ အိုအိုင်စီကတင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာခြွင်းချက်မရှိ ပယ်ချလိုက်သည်။ မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသော နိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးဖော်ပြသည်။
