သက်တံ့
၁၀. ၇. ၂၀၂၆
စပိန်နိုင်ငံတောင်ပိုင်း အန်ဒါလူစီယာပြည်နယ်ရှိ အယ်လ်မီးရီးယားခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် အပူချိန်အဆမတန်မြင့်မားချိန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ တောမီးကို မီးသတ်သမား ၁၅၀ ခန့်က ဝိုင်းဝန်းငြှိမ်းသတ်နေရကြောင်း အန်ဒါလူစီယာ ဒေသန္တရအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက သောကြာနေ့အစောပိုင်းတွင် သတင်းထုတ်ပြန်သည်။
“လော့စ်ဂါးလ်လာဒေါ့စ် (Los Gallardos) မြို့မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် နောက်ထပ် သေဆုံးသူ ၆ ဦး ရှိလာတာကို အတည်ပြုနိုင်ခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူဦးရေဟာ ၁၂ ဦးအထိ မြင့်တက်လာပြီဖြစ်ပါတယ်” ဟု အန်ဒါလူစီယာ (Andalusia) ဒေသန္တရအစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးမှုများသည် ဘီဒါ (Bedar) ကျေးရွာငယ်လေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတောမီးကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးတစ်ဦးနှင့် မီးခိုးမွှန်သူတစ်ဦးတို့ကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထည့်သွင်းဖော်ပြထားသည်။
အခြားလူ ၄ ဦးမှာမူ မီးခိုးလုံးကြီးများကြောင့် ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အသေးစားမီးလောင်ဒဏ်ရာများအတွက် အခင်းဖြစ်ပွားရာနေရာ၌ပင် ဆေးဝါးကုသမှု ခံယူခဲ့ကြသည်။
သမ္မတရုံး၊ ကျန်းမာရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီး အန်တိုနီယို ဆန့်ဇ် (Antonio Sanz) က ဤတောမီးသည် “ကျွန်ုပ်တို့ဒေသအတွင်း ယနေ့အထိ အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးစေတဲ့ တောမီး” ဟု ပြောကြားခဲ့ပြီး လက်ရှိအခြေအနေကို “မကြုံစဖူး ကပ်ဘေးအသွင် ကြေညာရမယ့် အဖြစ်ဆိုး” ဟု ဖော်ပြခဲ့သည်။
“လော့စ်ဂါးလ်လာဒေါ့စ်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစု ၆ ဦးရဲ့ နေအိမ်တွေနဲ့ တောမီးဒဏ်သင့်ခဲ့ရတဲ့ မြို့နယ်အသီးသီးက ပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမှုကို ဖော်ပြအပ်ပါတယ်” ဟု စပိန်တောင်ပိုင်း အန်ဒါလူစီယာဒေသ ခေါင်းဆောင် ဟွမ်မာ မိုရီနို (Juanma Moreno) က ၎င်း၏ X (လူမှုကွန်ရက်) စာမျက်နှာတွင် ရေးသားထားသည်။
အာဏာပိုင်များက တောမီးစတင်ရသည့် အကြောင်းရင်းကို အတည်မပြုရသေးသော်လည်း လျှပ်စစ်လိုင်းတစ်လိုင်း ပြတ်တောက်ကျဆင်းရာမှတစ်ဆင့် ခြောက်သွေ့နေသော သစ်ပင်သစ်တောများအတွင်းသို့ မီးကူးစက်ကာ အရှိန်အဟုန်ဖြင့် ကာလတိုအတွင်း ပြန့်နှံ့သွားခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများက တာဝန်ရှိသူများကို ပြောကြားခဲ့ကြသည်။
တောမီးပြန့်နှံ့လာခြင်းကြောင့် လမ်းများကို ပိတ်ထားရပြီး ဒေသခံများကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကာ လူပေါင်း ၅၀ ခန့်ကို ယဉ်ကျေးမှုစင်တာတစ်ခုတွင် ယာယီနေရာချထားပေးရသည်။
အဓိကအရေးပေါ်အခြေအနေများတွင် တာဝန်ယူရသည့် စပိန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့သည်လည်း လာမည့်နာရီပိုင်းအတွင်း တောမီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီသွားရန် ရှိနေသည်။
လော့စ်ဂါးလ်လာဒေါ့စ်သည် စပိန်တောင်ပိုင်း အန်ဒါလူစီယာဒေသရှိ အယ်လ်မီးရီးယား၏ မြို့နယ်တစ်ခု ဖြစ်သည်။ ယခုရက်ပိုင်းအစောပိုင်းကလည်း ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တောမီးများ ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းခဲ့သဖြင့် စပိန်နယ်စပ်အနီးရှိ မြို့ငယ်များနှင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၁၀,၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသေးသည်။
ယခုနှစ် မေလနှင့် ဇွန်လများတွင် ဥရောပအနောက်ပိုင်းတစ်ခွင်၌ စောစီးစွာ ကျရောက်ခဲ့သည့် နွေဦးရာသီ အပူလှိုင်းဖြတ်သန်းမှုများကြောင့် မြေပြင်အမြောက်အမြား ခြောက်သွေ့နေခဲ့ပြီး ယင်းအခြေအနေက ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုများကို ပိုမိုလွယ်ကူစေရန် တွန်းအားပေးနေခြင်း ဖြစ်သည်။
ဥရောပတိုက်သည် ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် နှစ်ဆကျော် ပိုမိုပူနွေးလာနေကြောင်းနှင့် ထို့ကြောင့် ရေရှည်အပူလှိုင်းဖြတ်သန်းမှု ဖြစ်စဉ်များ ပိုမိုကြုံတွေ့ရနိုင်ခြေရှိကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က သတိပေးပြောကြားထားသည်။
Ref : Saudi Gazette
