သတိုး
၄. ၇. ၂၀၂၆
ပြည်သူပူးပေါင်းပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများကိုယ်တိုင် စီမံခန့်ခွဲသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံအနှံ့ဖော်ဆောင်ပေးသွားကြရမည်ဖြစ်ပြီး ထိုကဲ့သို့ စီမံကိန်းများကို ပြည်သူများကိုယ်တိုင်ပါဝင်စဉ်းစား ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ်တိုင်အကောင်အထည်ဖော်စေခြင်းဖြင့် ပြည်သူများအကြား ပိုင်ရှင်စိတ်ဓာတ် (Ownership Mindset) ကို ဖြစ်ပေါ်စေကာ ဖွံ့ဖြိုးရေးရလဒ်များကို ရေရှည်ခိုင်မြဲစေအောင် ထိန်းသိမ်းလုပ်ဆောင်သွားနိုင်ကြမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ဆန္ဒနှင့် အမှန်တကယ်လိုအပ်ချက်များကို အပြည့်ဝဆုံးနှင့် အထိရောက်ဆုံးဖော်ဆောင်ပေးကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်မှုရှိရန် လိုအပ်သကဲ့သို့ စီးပွားရေးအရ ခိုင်မာတောင့်တင်းမှု ရှိရန်လည်း လိုအပ်သဖြင့် “ကျေးလက်ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည်” မူဝါဒနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် မဟာဗျူဟာချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ကျေးလက်ဖွံ့ဖြိုး ရေးလုပ်ငန်းများကိုအခြေခံပြီး သမဝါယမစနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ သမဝါယမစနစ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်သလို ကျေးလက်ဖွံ့ဖြိုးရေးအတွက်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် စိမ်းလန်း၊ သန့်ရှင်း၊ ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်နှင့် ကျန်းမာရေးစနစ်ကောင်းမွန်သော ကျေးရွာများ၊ ခေတ်မီစနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုပ်ငန်းဆောင်ရွက်သော ကျေးရွာများ ဖော်ဆောင်ရေးကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ယနေ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို အဆိုးရွားဆုံးခံစားနေရသူများမှာ ကျေးလက်နေပြည်သူများပင် ဖြစ်သည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သစ်တောသစ်ပင်များ ပြုစုပျိုးထောင်ခြင်း၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲခြင်းများကို အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်သည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာ ကျေးရွာများ သန့်ရှင်းသပ်ရပ်စိမ်းလန်းစိုပြည်ပြီး ခေတ်မီနည်းပညာများကို အသုံးချနိုင်သည့် စံပြကျေးရွာများ (Clean, Green and Smart Villages) အဖြစ်သို့ အသွင်ကူးပြောင်းနိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးပြကြီးများအထိပါ Smart City များအဖြစ်သို့ ကွန်ရက်ချိတ်ဆက် တက်လှမ်းနိုင်စေရေးကြိုးပမ်းသွားကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းသည်။
ခေတ်မီစံပြကျေးရွာများဖြစ်လာစေရန်အတွက် အခြေခံအကျဆုံးဖြစ်သည့် သန့်ရှင်းသော သောက်ရေနှင့် လုံလောက်သော သုံးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ရာသီ ဥတုပြောင်းလဲမှုကြောင့် မြေအောက်ရေခန်းခြောက်လာမှုကို ကာကွယ်နိုင်ရေး မြေပေါ်ရေ ကို ဦးစားပေးသုံးစွဲပြီး အသေးစားဆိုလာစိုက်ပျိုးရေ ရရှိရေးစနစ်များဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအဆင့်သို့ ရောက်ရှိအောင် အဆင့်မြှင့်တင်ပံ့ပိုးပေးကြရန် လိုအပ်သည်။ အလားတူ ကျေးလက်လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ကောင်းမွန်စေရေးကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်သည်။ လမ်းပန်းဆက်သွယ်ရေးသည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးလှပါသည်။ ရာသီမရွေးသွားလာနိုင်သော ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကုန်ထုတ်တံတားများ၊ ဆက်စပ်ချိတ်ဆက်နေသော ရွာတွင်းလမ်းများ ကောင်းမွန်မှသာလျှင် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ ရယူနိုင်မည်ဖြစ်ပြီး တောင်သူများ၏ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
လျှပ်စစ်မီးရရှိရေးအတွက်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် ကျေးလက်မီးလင်းရေး ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လျှပ်စစ်မီးရရှိမှုသည် ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုက်ရိုက်မြင့်မားစေရုံသာမက ခေတ်မီကုန်ထုတ် လုပ်ငန်းများ တိုးချဲ့နိုင်ရေးမရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ဒေသနှင့်ကိုက်ညီသည့် သဘာဝ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးလျှပ်စစ်ရရှိရေး ကြိုးစားအကောင်အထည်ဖော် သွားကြရန်လည်း ဦးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားသည်။
ထို့အတူ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့သည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အဓိက အရေးကြီးသည်။ ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီညီ မြှင့်တင် သွားကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာတတ်လူသားအရင်းအမြစ် ပြည့်ဝရေးသည် အဓိကကျသဖြင့် ကလေးသူငယ်တိုင်း အနည်းဆုံး KG+9 အထိ မဖြစ်မနေ ပညာသင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ခွင့် ရရှိရေး ဖန်တီးပေးကြရန် လိုအပ်သည်။ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော်လည်း တက်ရောက်သင်ယူမှု နည်းပါးနေသေးသဖြင့် အသက်မွေးဝမ်းကျောင်းပညာများသင်ယူကြရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်သွားကြရန် လည်း လိုအပ်သည်။ ကျန်းမာရေးကဏ္ဍတွင်လည်း “အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်အတိုင်း ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ပေးခြင်းသာမက ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပေးရမည်ဖြစ်သည်။
ထိုကဲ့သို့ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံကဏ္ဍများ တိုးတက်လာသည်နှင့်အမျှ ဒေသခံ ပြည်သူများ၏ ဝင်ငွေတိုးပွားရေးအတွက် ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာစေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားရမည် ဖြစ်သည်။ MSME များသည် နိုင်ငံတော်စီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်သည့်အတွက် မိရိုးဖလာလုပ်ငန်းများကို အဆင့်မြှင့်တင်ကာ ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value-added products) ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့် MSME များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သွင်းအားစုများနှင့် ဈေးကွက် ချိတ်ဆက်ရေးတို့ကို နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကိုလည်း အမြဲမပြတ် ဖွင့်လှစ်ပေးနိုင်ရေးသက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
