၂၂.၈.၂၀၂၆
Written By Min Thet
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့နယ်ခွဲ၊ မဇင်ရွာအနီးရှိ ငပလီ ခလရ (၅၅) နှင့် ခမရ (၅၆၆) တပ်ရင်းများတွင် ခိုအောင်းနေသည့် AA အကြမ်းဖက်သူပုန်များကို တပ်မတော်က တိုက်လေယာဉ်ဖြင့် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“လေယဉ် ၈ စီးနဲ့ ဗုံးကြဲတာ ဂွ၊ သံတွဲ နှစ်နေရာမှာ။ စုစုပေါင်း ဓာတ်ခဲ AA သူပုန်တွေ ဆယ်နဲ့ချီ သေတယ်လို့ သိရတယ်။ ဒဏ်ရာရတာကလည်း ၃ ဒါဇင်လောက် ရှိမယ်တဲ့။ အဲဒါကို ဓာတ်ခဲက မထုတ်ဘူးလေ။ သတင်း မထုတ်ဘူး သူတို့က။ ဂွဘက်က အရပ်သားသေတာလောက်ပဲ ထုတ်တာ”ဟု တပ်မတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်လုပ်ကိုင်နေသူက MT News ကို ပြောသည်။
အကြမ်းဖက် AA ၏ ထုတ်ပြန်ချက်တွင် ဩဂုတ် (၂၁) ရက် နံနက် (၀၁း၅၇) အချိန်က ငပလီကို ဂျက်တိုက်လေယာဉ် (၈) စီး၊ Y12 (၁) စီး၊ Y8 (၁) စီး စုစုပေါင်း လေယာဉ် (၁၀) စီးဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၁၀၀) ခန့် ကြဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကြဲမှုကြောင့် ငပလီမြို့၌ လာရောက် စစ်ဘေးရှောင်နေကြသည့် အရပ်သား (၁) ဦး သေဆုံးခဲ့ပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ကြားရတာတော့ ရိက္ခာထားတဲ့နေရာတွေရယ်၊ ခဲယမ်းတွေ သိမ်းထားတဲ့နေရာတွေ အကုန် ထိတယ်တဲ့။ မကြာခင်တော့ ဓာတ်ခဲတွေ သံတွဲက ပြေးရကိန်း ရှိတယ်။ မြောက်ပိုင်းက ဓာတ်ခဲအကြမ်းဖက်အဖွဲ့တွေရဲ့ မိသားစုတွေလည်း ပါတယ်ကြားတယ်။ ဒေသခံတွေကတော့ ဝမ်းသာနေကြတာပေါ့။ ဒဏ်တွေ ခံနေရတာ များပြီလေ။ဒေသခံတွေခမျာ ကိုယ့်နေရာ ကိုယ်မနေရဲကြဘူးလေ။ ခမရ (၅၆၆) တပ်ရင်း နဲ့ ခလရ (၅၅) တပ်ထဲမှာ AA သူပုန်တွေ နေကြတာ ရှိတယ်လေ။ အဲဒါကို တပ်မတော်က ဗုံးချတာပေါ့။ သေကြတာ များတယ်တဲ့။ သူတို့ဘက်ကတော့ ဘယ်ထုတ်ပြန်ဖို့လဲ။ အရပ်သားပဲပြောမှာပါ့။ မြောက်ပိုင်းက လူတွေများတယ်လေ။ မဇင်ဘက်မှာက တောင်ပိုင်းသားတွေ မရှိတော့ဘူးရယ်။ အနည်းအပါးပဲ ကျန်တော့တာ။ ပြောင်းသွားကြပြီ။ တခြားနေရာတွေကို။ ရန်ကုန်ဖက်လည်းပါတာပေါ့”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံက MT News ကို ပြောသည်။
ထို့အပြင် ဩဂုတ်လ (၂၁) ရက် နံနက် (၅) နာရီခန့်အချိန်ကလည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာ အထက်တန်းစာသင်ကျောင်းကို ပေါင် (၅၀၀) ဗုံးတစ်လုံး၊ ညောင်ချောင်းကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းကို ဗုံးတစ်လုံးကြဲချခဲ့ကြောင်း အကြမ်းဖက် သူပုန် AA က ထုတ်ပြန်ထားသည်။
ယင်းကြောင့် ညောင်ချောင်းကျေးရွာ စာသင်ကျောင်း၌ ခေတ္တလာရောက် စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး စာသင်ကျောင်းဆောင် တစ်ခုလုံးမှာ လုံးဝပျက်စီးသွားခဲ့ကာဓမ္မရက္ခိတ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များနှင့် အနီးအနားရှိ နေအိမ် (၃) လုံး၊ ပြည်သူပိုင်ပစ္စည်း အချို့၊ ပဲဆီကြိတ်စက် (၁) လုံး၊ ဆိုင်ကယ် (၁) စီးနှင့် စက်ဘီး (၁) စီး တို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် လိမ်လည် ဖော်ပြထားသည်။
“စာသင်ကျောင်းမှာ နေတာတွေက ဓာတ်ခဲတွေပဲလေ။ မြောက်ပိုင်းသားတွေချည်းပဲနေကြတာ။ ဘုန်းကြီးကျောင်းမှာလည်း သူတို့ပဲလေ။ ညောင်ချောင်းက ဂွ နဲ့ ၁၀ မိုင်လောက်ပဲ ဝေးတယ်။ ဂွကို ဓာတ်ခဲတွေ ဝင်ကတည်းက ဒေသခံတွေ တစ်ဝက်ကျော်က စစ်ရှောင်ကြတော့တာလေ။အခု ဖြစ်နေတာက အရပ်သား မဟုတ်။ ဓာတ်ခဲတွေ။ အဲဒီမှာက ဓာတ်ခဲတွေဟာ သူများအိမ်တွေကို ဝင်နေကြတာ။ မြောက်ပိုင်းက ဟာတွေ”ဟု စစ်ရှောင်နေသည့် ဂွ မြို့ခံတစ်ဦးက ပြောသည်။
