သက်တံ့
၂၃. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ တရက် (Trat) ခရိုင်၊ လမ်းငေါ့ဖ် (Laem Ngop) မြို့နယ်တွင် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံဘက်မှ ပင်လယ်ရေကြောင်းအတိုင်း စစ်ဘက်သုံး လက်နက်များ မှောင်ခိုသယ်ဆောင်လာသည့် အမြန်ရေယာဉ်တစ်စီးကို ထိုင်းဘုရင့်ရေတပ်နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လိုက်လံဖမ်းဆီးခဲ့ရာ သံသယရှိသူများကို လက်နက်/ကျည်ဆန် ပမာဏအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

◾ သတင်းအချက်အလက်အရ စောင့်ဆိုင်းဖမ်းဆီးခဲ့မှု
အမှတ် (၁) ရေတပ်စခန်းဌာနချုပ်၏ သတင်းအချက်အလက်အရ အိမ်နီးချင်း ကမ္ဘောဒီးယား ကမ်းရိုးတန်းဘက်မှ စစ်ဘက်သုံး လက်နက်များကို ပင်လယ်ရေကြောင်းအတိုင်း လမ်းငေါ့ဖ်မြို့နယ်ရှိ ဆိပ်ကမ်းများသို့ သယ်ဆောင်လာမည်ဟု သတင်းရရှိသဖြင့် ဩဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်မှစ၍ ရေကြောင်းရဲတပ်ဖွဲ့ဝင်များက ခိုးချမ်း (Koh Chang) မြို့နယ်ရှိ ထန်းမရုံ (Than Mayom) ရေတံခွန် ဆိပ်ကမ်းအနီးတွင် အမြန်ရေယာဉ်ဖြင့် စောင့်ဆိုင်းပိတ်ဆို့ခဲ့ကြသည်။
ညနေ ၅ နာရီခန့်တွင် သံသယဖြစ်ဖွယ် အဖြူနှင့် အပြာရောင် အမြန်ရေယာဉ်တစ်စီးသည် ချမ်းရေလက်ကြားကို ဖြတ်သန်းသွားကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိသူများက နောက်မှ လိုက်လံဖမ်းဆီးခဲ့သည်။ အဆိုပါ ရေယာဉ်မှာ တာဝန်ရှိသူများ နောက်ယောင်ခံလိုက်လာသည်ကို ရိပ်မိ၍ ကမ်းခြေဘက်သို့ အရှိန်မြှင့် မောင်းနှင်ထွက်ပြေးခဲ့သည်။
ညနေ ၆ နာရီ ၂၆ မိနစ်ခန့်၌ သံသယဖြစ်ဖွယ် ရေယာဉ်သည် လမ်းငေါ့ဖ်မြို့နယ်၊ ခလောင်ယိုင် (Khlong Yai) တိုက်နယ်ရှိ ဒိန်းရက် (Direk) ဆိပ်ကမ်းသို့ ဆိုက်ကပ်စဉ် စောင့်ဆိုင်းနေသော ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်း ထိန်းသိမ်းခဲ့သည်။

◾ ဖမ်းဆီးရမိမှုနှင့် သက်သေခံပစ္စည်းများ
စီးနင်းမှုအတွင်း အခင်းဖြစ်ပွားရာ ရေယာဉ်ပေါ်၌ တရက်ခရိုင်အတွင်း အခြေစိုက်နေထိုင်သည့် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၃) ဦးကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့ပြီး ရုတ်ရုတ်သဲသဲဖြစ်ပွားနေစဉ်အတွင်း ပါဝင်ပတ်သက်သူ အချို့မှာမူ လွတ်မြောက်သွားခဲ့သဖြင့် တာဝန်ရှိသူများက လိုက်လံရှာဖွေလျက်ရှိသည်။
အဆိုပါ ရေယာဉ်ပေါ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ AK-47 ရိုင်ဖယ်သေနတ် (၂) လက်၊ AK-47 ကျည်အိမ် (၁၀၂) ခု၊ 7.62 mm ကျည်ဆန် (၂၃,၆၄၀) တောင့် (အသေးစိတ် ရေတွက်ချက်အချို့တွင် ၈,၄၀၀ တောင့် နှင့် ၁၂,၂၄၄ တောင့် ခွဲခြားတွေ့ရှိရ)၊ 12.7 mm ကျည်ဆန် (၇၆၅) တောင့်၊ အဖြူ-အပြာရောင် အမြန်ရေယာဉ် – (၁) စီး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်နေသော မော်တော်ယာဉ် (၃) စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးမှုအလိုက် ကျည်ဆန် စုစုပေါင်း အရေအတွက်မှာ ၂၁,၄၀၉ တောင့်မှ ၂၄,၄၀၅ တောင့်အထိ ရှိနေသည်ဟု သိရသည်။

◾ ပင်လယ်ပြင်အတွင်း လက်နက်များ လွှဲပြောင်းယူဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရ
ပဏာမ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ အမြန်ရေယာဉ်သည် ပင်လယ်ပြင်အတွင်းသို့ ထွက်ခွာ၍ ကမ္ဘောဒီးယား ကမ်းရိုးတန်းဘက်မှ လက်နက်များကို သယ်ဆောင်လာသည့် နိုင်ငံခြားသားအုပ်စုတစ်စုထံမှ ပင်လယ်ပြင်အလယ်၌ လွှဲပြောင်းယူဆောင်ကာ လမ်းငေါ့ဖ်ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်ဟု သက်ဆိုင်ရာက ယူဆထားသည်။
လက်နက်နှင့် ကျည်ဆန်ပမာဏ များပြားလွန်းသဖြင့် ဖမ်းဆီးရမိသူများမှာ မှောင်ခိုဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ လက်နက်များ၏ မူလရင်းမြစ်၊ ပို့ဆောင်လိုသည့် နောက်ဆုံးပစ်မှတ်နှင့် နောက်ကွယ်မှ စေခိုင်းသူများကို ဖော်ထုတ်နိုင်ရေးအတွက် ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကို လမ်းငေါ့ဖ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

◾ နယ်စပ်စောင့်ကြည့်ရေး “၁၀၀ ရာခိုင်နှုန်း နယ်စပ်ပိတ်ဆို့ရေး” မူဝါဒ
ထိုင်းဘုရင့်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ် အကူရဲမှူးချုပ် Parat Rattanachaiphan ၏ ပြောကြားချက်အရ အဆိုပါ ဖမ်းဆီးရမိမှုသည် ရေတပ်၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် လုံခြုံရေးအေဂျင်စီများအကြား သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပြီး စစ်ဘက်သုံး လက်နက်များ မလိုလားအပ်သည့် ပန်းတိုင်သို့ မရောက်ရှိမီ တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယခု စစ်ဆင်ရေးသည် ကုန်းကြောင်း စစ်ဆေးရေးဂိတ်များသာမက သဘာဝအတိုင်း တည်ရှိနေသော ကုန်းကြောင်း၊ ရေကြောင်း၊ ဆိပ်ကမ်းနှင့် ရေလမ်းကြောင်း မှောင်ခိုလမ်းကြောင်း အားလုံးကို စောင့်ကြည့်ပိတ်ဆို့သည့် ရေတပ်၏ “၁၀၀ ရာခိုင်နှုန်း နယ်စပ်ပိတ်ဆို့ရေး (100% border closure)” မူဝါဒ၏ အစိတ်ပိုင်းတစ်ခုဖြစ်ကြောင်းနှင့် နောက်ထပ် တရားမဝင် လှုပ်ရှားမှုများကို တားဆီးရန် ကင်းလှည့်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဥ်အတွင်း ထိုင်းနိုင်ငံမှ ဝင်ရောက်နေသော လက်နက်မှောင်ခိုများကို ထိန်းချုပ်ပေးရန် တောင်းဆိုမှုအရ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်ချာဝီရကွန်က လက်နက်မှောင်ခိုမှု ပိုမိုထိန်းချုပ်ရန် ကာကွယ်ရေးနှင့်ပြည်ထဲရေးကို အမိန့်ပေးပြီးနောက် ဒရုန်းနှင့် ဆက်စပ်ပစ္စည်း အများအပြားဖမ်းဆီးရမိမှုနှင့် ယခုဖမ်းဆီးမှုအပါအဝင် ဘတ်ဘီလျံချီ လက်နက်ခဲယမ်းအများအပြားကို ထိုင်းနိုင်ငံက ဖမ်းဆီးနိုင်ခဲ့သည်။
Ref: The Nation Thailand, MGR Online & Siamrath
