သက်တံ့
၂၂. ၈. ၂၀၂၆
ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုးဒေသရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၆ ဦးသည် ခြံဝန်ထမ်းများ၏ အနိုင်ကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ ဟန့်တားနှောင့်ယှက်မှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုကာ ဒေသခံ အလုပ်သမားသမဂ္ဂတစ်ခုက ခိုလှုံခွင့်နှင့် စောင့်ရှောက်မှု ပေးထားကြောင်း သောကြာနေ့ (ဩဂုတ် ၂၁ ရက်) တွင် အဆိုပါ သမဂ္ဂက ပြောကြားခဲ့သည်။
အသက် ၃၀ ကျော်နှင့် ယင်းအောက်အရွယ် အမျိုးသား၊ အမျိုးသမီး ၆ ဦးသည် လျင်မြန်စွာ အသက်အရွယ်ကြီးရင့်လာသည့် ဂျပန်နိုင်ငံ၏ လုပ်သားရှားပါးမှုကို ဖြေရှင်းရန် နိုင်ငံခြားသားများ ပိုမိုခေါ်ယူသည့် ကျွမ်းကျင်လုပ်သား အစီအစဉ် (Skilled Worker Program) ဖြင့် ဆက်ပိုရိုမြို့အနီး ကျောဂိုကု (Kyogoku) မြို့ရှိ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ဆပ်ပိုရို အထွေထွေအလုပ်သမားသမဂ္ဂ (Sapporo General Union) အဆိုအရ အဆိုပါ လုပ်သား ၆ ဦးသည် မေလနှင့် ဇူလိုင်လအကြားတွင် ခြံ၌ စတင်အလုပ်လုပ်ကိုင်ခဲ့ကြပြီး ဂျပန်ဘာသာစကားကို နားမလည်သည့်အခါ ဒေါသထွက်လာသည့် ဝန်ထမ်းများက လက်ဖြင့် သို့မဟုတ် စိုက်ပျိုးရေးသုံး ကိရိယာများဖြင့် ခေါင်းကို ရိုက်နှက်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် ရင်ဘတ်ကို ကိုင်တွယ်ခြင်းအပါအဝင် မလိုလားအပ်သည့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများလည်း ရှိခဲ့သည်ဟု စွပ်စွဲထားသည်။
လုပ်သားများသည် ပြည်နှင်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်ခံရခြင်း အပါအဝင် နေ့စဉ်နေ့တိုင်း ဆဲဆိုကြိမ်းမောင်းခြင်း ခံခဲ့ရသဖြင့် အဆိုပါ ခြံတွင် ဆက်လက်အလုပ်မလုပ်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်ဟု သမဂ္ဂက ဆိုသည်။
ကျူးလွန်မှုအချို့အတွက် ရာဇဝတ်ကြောင်းအရ တိုင်ကြားရန် လုပ်သားများက စဉ်းစားနေကြပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုကာ ဆပ်ပိုရို ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဗျူရိုသို့ အချက်အလက်များ ပေးအပ်ထားကြောင်း သမဂ္ဂက ပြောကြားခဲ့သည်။
“ကျွန်တော် ဂျပန်ကို အလုပ်လုပ်ဖို့ လာခဲ့တာပါ။ သေချာကျနကျန သင်ကြားပေးတာကိုပဲ လိုချင်ပါတယ်” ဟု အသက် ၂၀ အရွယ် မြန်မာလုပ်သားတစ်ဦးက သမဂ္ဂက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မျက်ရည်ကျကာ ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်ကလည်း အဆိုပါ ဟော့ကိုင်းဒိုးဒေသရှိ ကျောဂိုကုမြို့၌ပင် အခြားသော စိုက်ပျိုးရေးကော်ပိုရေးရှင်းတစ်ခုက လည်ပတ်သည့် စိုက်ပျိုးရေးခြံတစ်ခုသည် သင်တန်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟုဆိုကာ နည်းပညာအလုပ်သင် အစီအစဉ်အရ နိုင်ငံခြားသားလုပ်သား လက်ခံခွင့် လိုင်စင် ရုပ်သိမ်းခံခဲ့ရဖူးသည်။
Ref: Mainichi
