သက်တံ့
၂၂. ၈. ၂၀၂၆
ဘယ်လာရုစ်နိုင်ငံဆိုင်ရာသံရုံးအား မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
“မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးက အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး၊ ကမ္ဘာ့ခုံမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ပိုမိုချဲ့ထွင်နိုင်မယ့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ကြပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေပြုလွှတ်တော်တွေ လည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံအစိုးရအကြားမျှသာမက လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အလားတူ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဟာလည်း ဇူလိုင်လအတွင်းက အသက်ဝင်ခဲ့ပြီဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာများနှင့် နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူး ဆက်ဆံမှုမြှင့်တင်နိုင်မယ့် အလားအလာများကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ သမ္မတနှစ်ဦးဟာ ဒေသတွင်းနဲ့ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ်လည်း ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံအမှီသဟဲပြု ဆက်လက်ရပ်တည်သွားရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ယခု ခရီးစဉ်အတွင်းမှာ ထူးခြားချက်တစ်ခုကတော့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် တရားဝင်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ဒီနေ့မှာ ဖွင့်လှစ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ ဘယ်လာရုစ်သံရုံးကို လာရောက်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနှင့် သတင်းစာရှင်းလင်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ရှိ သံတမန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရသည်။
