၂၂.၈.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပျဥ်ပုံကြီးကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာရှိ မိုးယွန်းကြီးအင်းတွင် ငါးမျှားသည့်ကလေးတစ်ဦး ရေနစ်သေဆုံးမှု သြဂုတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရေနစ်သေဆုံးသူမှာ ပျဥ်ပုံကြီးကျေးရွာတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ဝေယံဦးဖြစ်ပြီး သူငယ်ချင်းဖြစ်သော အသက် ၁၄ နှစ်အရွယ် မောင်အောင်လနှင့်အတူ မိုးယွန်းကြီးအင်းရှိ ချောင်းသွယ်တစ်ခုတွင် ငါးမျှားနေစဉ် အဝတ်အစားဆေးရန် ရေထဲဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးခဲ့သော မောင်ဝေယံဦးမှာ ကမ်းစပ်နှင့် ၁၅ ပေ အကွာ၌ နစ်မြုပ်ခဲ့ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူက အနီးရှိ ငါးမျှားနေသူများကို အကြောင်းကြားကာ ဝိုင်းဝန်းကယ်ဆယ်ခဲ့သောလည်း ရေနစ်သေဆုံးသော ရုပ်အလောင်းသာ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို ဆယ်ယူ၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင်ပို့အပ်ထားပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
