သက်တံ့
၂၂. ၈. ၂၀၂၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံတွင် အမေရိကန်နိုင်ငံသားအချို့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “မတရားဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော အချက်မှာ လုံးဝမမှန်ကန်ကြောင်း” သောကြာနေ့တွင် ပြန်လည်တုံ့ပြန်ခဲ့သည်။
ထိန်းသိမ်းခံရသူများအနက် တစ်ဦးမှာ မင်းဇင် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းသည် ၁၉၈၀ ပြည့်လွန်နှစ်များက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအခြေပြု ISP-Myanmar ကို တည်ထောင်သူလည်းဖြစ်သည်။ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် ပညာရပ်ဆိုင်ရာ ညီလာခံတစ်ခုသို့ တက်ရောက်ရန် တရုတ်အစိုးရက ၎င်းအား ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထိုအဆိုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်း (Lin Jian) က သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ယခုဖမ်းဆီးထိန်းသိမ်းမှုမှာ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။
“သက်ဆိုင်သူ အမေရိကန်နိုင်ငံသားဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ပြီး တရုတ်ဥပဒေကို ချိုးဖောက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တယ်လို့ သံသယရှိရပါတယ်။ တရုတ်တရားစီရင်ရေး အာဏာပိုင်တွေအနေနဲ့ ဒီအမှုကို ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု လင်းကျန်းက ပြောကြားခဲ့သည်။
အဓမ္မဖမ်းဆီးထိန်းသိမ်းခံထားရသူ သို့မဟုတ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရသည့် ၎င်း၏ နိုင်ငံသားများအားလုံးကို ပြန်လည်လွှတ်ပေးရန်လည်း အမေရိကန်က တရုတ်နိုင်ငံအား တောင်းဆိုထားသည်။
ထိန်းသိမ်းခံထားရသည့် အခြားသူတစ်ဦးမှာ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား ငလျင်ဗေဒပညာရှင် ယူလင်းချန် (Youlin Chen) ဆိုသူဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
Ref: NHK
