နေမိုး
၂၂. ၈. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drone ဖြင့် Drop Bomb များ ပစ်ချခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြန်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

KIA နှင့် PDF တို့ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်၍ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ရွှေကူမြို့နယ်၊ ငှက်တံတားကျေးရွာသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချခဲ့ရာ ကျေးရွာအတွင်း Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးဝင်းနိုင်(၅၄)နှစ်နှင့် ဒေါ်တုတ်(၇၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူနှစ်ဦး အနက် ဦးဝင်းနိုင်မှာ ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။





အလားတူ ည ၅ နာရီ ၁၅ မိနစ်တွင် ရွှေကူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းနိုင်(၅၉)နှစ်၊ ဒေါ်သန္တာအောင်(၃၉)နှစ်၊ ဦးထွန်းရှင်(၆၈)နှစ်၊ မအေးမွန်ကျော်(၁၈)နှစ်နှင့် မောင်ကောင်းဆက်ပိုင်(၁၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ခုနစ်ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
