သတိုး
၄. ၇. ၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း လာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအနေဖြင့် တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတဖြစ်ကြောင်း၊ မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၇၀ ကျော်နှင့် ရာစုနှစ်များစွာကြာမြင့်သည့် သမိုင်းဝင်ဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟုလည်း သိရသည်။






ထို့အတူ နှစ်နိုင်ငံချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုအဆင့်မြှင့်တင်ပြီး အစိုးရချင်း၊ လွှတ်တော်ချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သလို နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရာတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည့်အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ယင်းသဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားရန် ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။
ယင်းအပြင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှုများကို နှစ်စဉ်ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအခြေခံကို ပိုမိုခိုင်မာစေရန်၊ လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပညာရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံချစ်ကြည်ရေးအသင်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် မြွေဆိပ်ဖြေဆေး အကူအညီပေးရေးကဲ့သို့ လူမှုရေးပူးပေါင်းဆောင်ရွက်မှုများတွင် ချစ်ကြည်ရေးအသင်းများ ပိုမိုပါဝင်ဆောင်ရွက်ရန်၊ မြန်မာနှင့် လာအို နှစ်နိုင်ငံစလုံး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံများဖြစ်သဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်နှင့် နှလုံးသားချင်းနီးစပ်သော မိတ်ဆွေနိုင်ငံများအဖြစ် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ရေရှည်ချစ်ကြည်ရေးကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက အလေးထားဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
