◾ မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် နှစ်နိုင်ငံသမ္မတများ သဘောတူ
◾ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်သလို ကနဦး (၆၀၀) မဂ္ဂါဝပ် ရောင်းချနိုင်ရေးနှင့် မဲခေါင်မြစ်ဝှမ်း လျှပ်စစ်ဓာတ်အားစီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ရန်ပါ ဆွေးနွေး
သတိုး
၃. ၇. ၂၀၁၆
လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၃ ရက်တွင် ဗီယင်ကျန်းမြို့ရှိ သမ္မတအိမ်တော်၌ လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များက မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် အလေးထားဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုတွင် လာအိုနိုင်ငံသမ္မတက နိုင်ငံတော်သမ္မတအား အာဆီယံနိုင်ငံများအနက် ပထမဆုံး လာရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-လာအိုချစ်ကြည်ရေးနှင့် အာဆီယံအတွင်း စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် အရေးပါသော သမိုင်းမှတ်တိုင်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး (၇၀) ကျော်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ အနာဂတ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်လိုကြောင်း အလေးထားဆွေးနွေးခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တရားဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော်သွားလာမှု လွယ်ကူချောမွေ့ရေးနှင့် ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်များ ထုတ်ပေးရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။
အလားတူ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ ပဲ၊ ငရုတ်၊ ပင်လယ်စာ၊ ငါးနှင့် ပုဇွန်စသည့် ထုတ်ကုန်များ တိုးချဲ့တင်ပို့ရေး၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ထိရောက်စွာအသုံးချရေးနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးစီမံကိန်းများကို အကျိုးရှိရှိ အသုံးပြုရေးတို့ကို ဆွေးနွေးခဲ့ကြသလို ပုဂံ-လွမ်ပရာဘန်၊ နေပြည်တော်-ဗီယင်ကျန်း ညီအစ်မမြို့တော်ဆက်ဆံရေး တိုးမြှင့်ရေးနှင့် လွမ်ပရာဘန်-ကျိုင်းတုံ-တာချီလိတ် လေကြောင်းခရီးစဉ်ဖွင့်လှစ်နိုင်ပါက အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်းနှင့် မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
ယင်းတို့အပြင် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အတွေ့အကြုံဖလှယ်ရေး၊ GDP တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူခဲ့ကြကြောင်း၊ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်၊ ကနဦး (၆၀၀) မဂ္ဂါဝပ် ရောင်းချနိုင်ရေးနှင့် မဲခေါင်မြစ်ဝှမ်း လျှပ်စစ်ဓာတ်အားစီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြကြောင်း၊ နယ်စပ်လုံခြုံရေး၊ တရားမဝင်အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်းနှင့် အာဆီယံ၊ ကုလသမဂ္ဂ၊ မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများအတွင်း အပြန်အလှန်ထောက်ခံဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံ၏ အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးကို လာအိုနိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း လာအိုနိုင်ငံသမ္မတက အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် လာအိုနိုင်ငံက မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ထူထောင်ရန် အဆိုပြုခဲ့ရာ နိုင်ငံတော်သမ္မတက ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံတကာဆိပ်ကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးနှင့် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးမည့်အပေါ် လာအိုနိုင်ငံသမ္မတက အထူးကျေးဇူးတင်ရှိကြောင်းနှင့် ယင်းဆေးဝါးများသည် လာအိုပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်ရေးတွင် များစွာအထောက်အကူဖြစ်မည်ဟု ပြောကြားခဲ့သည်။
အထက်ပါဆွေးနွေးမှုများအပြင် နှစ်နိုင်ငံဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အတည်ပြုပြောကြားခဲ့ကြသလို နိုင်ငံတော်သမ္မတက လာအိုနိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ ထပ်မံလာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
