၃.၇.၂၀၂၆
Written by KL
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ဆတ်သေကျေးရွာတွင် မြေမြုပ်သင်္ဂြိုဟ်ထားသော တိုင်းရင်းဆေးဆရာကြီးတစ်ဦး၏ရုပ်အလောင်းအား အဆောင်ကောင်းရှိသည်ဟု ယူဆ၍ လူတစ်စုက တူးဖော်ရှာဖွေခဲ့မှုအပေါ် ဒေသခံ လူမှုကူညီရေးအဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်မြုပ်နှံပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရပ်စောက်မြို့တွင် လူသိများသော တိုင်းရင်းဆေးဆရာကြီး ဆရာစိုးမှာ အသက် ၇၅ နှစ်အရွယ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် ကွယ်လွန်ခဲ့သဖြင့် မိသားစုဝင်များက ကျေးရွာသုသာန်တွင် မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြသည်။ ထို့နောက် ဇွန်လ ၃၀ ရက် ညပိုင်းတွင် တိုင်းရင်းဆေးဆရာကြီးမြုပ်နှံထားသောနေရာသို့ လူတစ်စုက အဆောင်ကောင်းရှိသည်ဟုဆိုကာ တူးဖော်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေမှုကြောင့် ဇူလိုင်လ ၁ရက်နံနက်ပိုင်းတွင် တိုင်းရင်းဆေးဆရာကြီးအား မြှုပ်နှံထားသော နေရာမှာ ပုံပျက်နေသဖြင့် ခမ်းမြင့်မိုရ် လူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့် ဒေသခံတို့က ရုပ်အလောင်းကို ပြန်လည်မြုပ်နှံသင်္ဂြိုဟ်ပေးခဲ့ကြရကြောင်း သိရသည်။
“စိတ်ကိုဖြူအောင်ထားရင် ကံလည်းကောင်းလာမှာပါ။သေပြီးသားလူရဲ့ ကျွင်းကို လိုက်တူးမနေပါနဲ့တော့။ အဆောင်ကောင်းမရဘဲ သေဆုံးသူဆီ( လူသေဆုံးပြီးပါက ခန္ဓာကိုယ်က ထွက်ရှိသောအပုပ်ရည် )ကနေ ရောဂါပိုးတွေ ကူးစက်ခံရပြီး သေနေပါလိမ့်မယ်”ဟု ရုပ်အလောင်းကို ပြန်လည်မြုပ်နှံပေးသည့် အမျိုးသားတစ်ဦးက ပြောသည်။
တိုင်းရင်းဆေးဆရာကြီးမှာ ယင်းဒေသတွင် လူသိများပြီး ၎င်း၏ ကုသမှုများမှာလည်း ပျောက်ကင်းအောင်ကုသနိုင်သဖြင့် ပြည်သူများ အားကိုးအားထားပြုကြရသူဖြစ်ကြောင်း သိရသည်။
