နေမိုး
၂. ၇. ၂၀၂၆
လက်နက်မဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF ငါးဦးက ဖမ်းဆီးသွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု စေတုတ္တရာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၃၀ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ငလဲကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါ်လာ(၅၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့် ရောက်ရှိလာပြီးနောက် အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏အနောက်တောင်ဘက် မီတာ ၃၅၀ ခန့်အကွာ စက်လှေဆိပ်သို့သွားသည့် တောလမ်းအရောက် ဦးခေါင်းအား ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးပေါ်လာတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
