သက်တံ့
၂. ၇. ၂၀၂၆
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Aleksandr Lukashenko) သည် ၎င်း၏ အာရှဒေသတွင်း ခရီးစဉ် ဒုတိယမြောက်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် ယနေ့တွင် မြန်မာနိုင်ငံသို့ ဦးတည်ထွက်ခွာလာပြီ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ထွက်ခွာလာသည့် သမ္မတ လူကာရှန်ကိုအား အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က လေဆိပ်အထိ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ခဲ့သည်။
ဘယ်လာရုစ်နိုင်ငံတော်အကြီးအကဲသည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ ရောက်ရှိလာမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်သည်။
နိုင်ငံ့ခေါင်းဆောင်နှစ်ဦးသည် ဘယ်လာရုစ်-မြန်မာ ဆက်ဆံရေး၏ အရေးအကြီးဆုံးသော ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် “နှစ်ဦးတည်း သီးသန့်” (One-on-One) တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ ဆွေးနွေးပွဲ အစီအစဉ်တွင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားသော ကဏ္ဍရပ်များရှိ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ပြီး၊ ပူးတွဲလှုပ်ရှားမှုစီမံကိန်းတွင် ၂၀၂၆-၂၀၂၈ ခုနှစ် ကာလအတွင်း လုပ်ဆောင်မည့် တိကျသေချာသော လုပ်ငန်းစဉ်များ ထည့်သွင်းထားသည်။

ဘယ်လာရုစ်သမ္မတသည် ၎င်း၏ အာရှခရီးစဉ်အစအဖြစ် တရုတ်နိုင်ငံသို့ ဇွန် ၂၈ ရက်တွင် ဦးစွာသွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇွန် ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံသို့ ဆက်လက်သွားရောက်ကာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် ဇူလိုင် ၂ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ယနေ့ ( ဇူလိုင်လ ၂ ရက်) တွင် မြန်မာနိုင်ငံသို့ ဆက်လက်ရောက်ရှိလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွင် ကာလရှည်ကြာ ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး နိုင်ငံတကာမျက်နှာစာများတွင်လည်း အပြန်အလှန် ကာကွယ်ရပ်တည်ပေးလေ့ရှိသည့် အစဉ်အလာရှိသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံအကြား သံတမန်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်တက်လာခဲ့သည်။

ယခု ခရီးစဉ်သည် စက်မှု၊ စိုက်ပျိုးရေးနှင့် ဆေးဝါးကဏ္ဍများအပြင် ၂၀၂၆ မှ ၂၀၂၈ ခုနှစ်အထိ ကာလလတ် ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် စီမံကိန်းများ (Joint Action Plan) ကို အတည်ပြုရန်နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရင်းနှီးမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားကြောင်း ဘယ်လာရုစ်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
