၂.၇.၂၀၂၆
Written By Min Thet
ဦးပညာဝံသ တစ်ဖြစ်လဲ ဒေါက်တာဖေဉာဏ် ယနေ့ ပျံလွန်သည့်ကိစ္စအတွက် တရားခံကိုအထူးစုံစမ်းစစ်ဆေးရေးများ ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
“ဆရာတော်သီတင်းသုံးတဲ့နေရာက ခေါင်တယ်လေ။ဘေးပတ်ဝန်းကျင်က တချို့တွေထဲမှာ ဆရာတော်ကို မကြိုက်သူတွေရှိတယ်လို့ကြားဖူးပါတယ်။ အသက်ကလည်းကြီးပြီ။ လမ်းလည်း သွက်သွက်မလျှောက်နိုင်ဘူးလေ ဆရာတော််က။ ဆရာတော်ဟာ အစိုးရဘက်ကဆိုပြီးတော့ မကြိုက်ကြဘူး။ မကျေနပ်သူတွေရှိတယ်တဲ့။ သူ့ဘာသာသူ သီးသန့် တရားကျင့်ကြံနေတာကို အခုလိုလုပ်တာ မကောင်းဘူး။ အခုလိုပျံလွန်တော်မူတဲ့အပေါ် များစွာဝမ်းနည်းရပါတယ်။ ကျူးလွန်သူကိုအမြန်ဆုံးဖော်ထုတ်နိုင်ပါစေ”ဟု ဆရာတော်၏ဒါယိကာတစ်ဦးက MT News ကို ပြောသည်။
ဒေါက်တာဖေဉာဏ့်ကို ယနေ့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင် သာသနာ့ရိပ်သာအတွင်း ကျောင်းဆောင်၌ သီတင်းသုံးနေစဉ် သတ်ဖြတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာတော်က သက်တော် ၇၅ နှစ်။ ဝါတော် ၁၅ ဝါ ရှိပါပြီ။ ဒီနေ့မနက်က သတ်ဖြတ်ခံရတာပါ။ ကျူးလွန်သူကိုအဖွဲ့စုံနဲ့ CID (Criminal Investigation Department) က လိုက်နေကြပြီ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။
ဒေါက်တာဖေဉာဏ်သည် နာမည်ကြီး ဝေဒပညာရှင်တစ်ဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အခါတော်ပေးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။
ဒေါက်တာဖေဉာဏ် လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဥ်အပေါ် လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းလည်း ဆရာတော်နှင့် နီးစပ်သူများက ဖော်ပြနေသည်ကို တွေ့ရှိရသည်။
