သက်တံ့
၁. ၇. ၂၀၂၆
အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်၊ ဒေါဆာခရိုင်ရှိ ဒေလီ-မွမ်ဘိုင်း အမြန်လမ်းပေါ်တွင် ယနေ့ ဗုဒ္ဓဟူးနေ့အစောပိုင်းက အိပ်စင်ပါခရီးသည်တင်ဘတ်စ်ကား (Sleeper Bus) တစ်စီးသည် ကုန်တင်တွဲကားကို နောက်မှဝင်တိုက်မိပြီး မီးလောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံး လူ ၈ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများအနက် ၆ ဦးမှာ မီးလောင်ကျွမ်းပြီး အရှင်လတ်လတ် သေဆုံးခဲ့ရခြင်းဖြစ်ကာ အခြား ၂ ဦးမှာမူ ယာဉ်တိုက်မှုကြောင့် ရရှိခဲ့သော ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဘတ်စ်ကားသည် ရီရှီကက်ရှ် (Rishikesh) မှ အင်ဒေါ (Indore) သို့ မောင်းနှင်လာစဉ် အမြန်လမ်းပေါ်တွင် ရှေ့မှမောင်းနှင်နေသည့် ကုန်တင်တွဲကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း IANS သတင်းဌာနက ဖော်ပြသည်။ ယာဉ်တိုက်မှုကြောင့် ပြင်းထန်သော မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ယာဉ်နှစ်စီးလုံးသို့ မီးကူးစက်ပျံ့နှံ့သွားခဲ့ရာ အိပ်စင်တွဲအတွင်း ခရီးသည်အများအပြား ပိတ်မိခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲခဲ့ကြောင်း သိရသည်။
ဒေါဆာခရိုင် ရဲမှူးကြီး ပီယုရှ် ဒီဆစ် (Piyush Dixit) ၏ ပြောကြားချက်အရ အဆိုပါ မတော်တဆမှုသည် ကိုးလ်ဝါ (Kolwa) ရဲစခန်းအပိုင် တာနာဝပ် (Tanawad) ဒေသရှိ ဇီရိုးပွိုင့် (Zero Point) အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုသည် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း IANS က ဖော်ပြသော်လည်း၊ ANI သတင်းဌာနကမူ နံနက် ၃ နာရီ ၁၅ မိနစ်နှင့် ၃ နာရီ ၃၀ မိနစ်ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က မီးသည် ဘတ်စ်ကားတစ်စီးလုံးသို့ အလွန်လျင်မြန်စွာ ကူးစက်သွားခဲ့သဖြင့် ခရီးသည်များ အပြင်သို့ ထွက်ပြေးလွတ်မြောက်ရန် အချိန်မရသလောက် ဖြစ်ခဲ့ရကြောင်း ပြောသည်။ ဤမီးလောင်မှုကြောင့် အိပ်စင်ပါဘတ်စ်ကားနှင့် ကုန်တင်တွဲကား နှစ်စီးလုံး ပြာကျပျက်စီးခဲ့ရသည်။
ကလေးသူငယ်များအပါအဝင် ဒဏ်ရာရရှိခဲ့သည့် ခရီးသည် ၂၁ ဦးကို ဒေါင်ဆာခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ၎င်းတို့အနက် အများစုမှာ မီးလောင်ဒဏ်ရာများနှင့် စိတ်ဒဏ်ရာများကို ကုသမှုခံယူနေရသည်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ ဘတ်စ်ကားဒရိုင်ဘာ ငိုက်မြည်းသွားခဲ့ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆရသော်လည်း၊ မတော်တဆမှုဖြစ်ရသည့် အကြောင်းရင်းအတိအကျနှင့် နောက်ဆက်တွဲ မီးလောင်မှုဖြစ်စဉ်ကိုမူ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

ဘတ်စ်ကား၏ အောက်ဘက်ပစ္စည်းသိုလှောင်ခန်းအတွင်း စီကရက်ဖာများကို သိုလှောင်သယ်ဆောင်လာခဲ့သဖြင့် မီးပိုမိုပြင်းထန်လာရခြင်းဖြစ်သည်ဟူသော ဒေသခံပြည်သူများ၏ ပြောကြားချက်များကိုလည်း အာဏာပိုင်များက စတင်စစ်ဆေးနေပြီ ဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့် ရွာသားတစ်ဦးက ဒေသခံများ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေစဉ်အတွင်း စီကရက်ဘူးများပါဝင်သည့် ကတ်ထူဖာအများအပြားကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ကမူ ဤစွပ်စွဲချက်ကို အတည်ပြုခြင်းမရှိသေးဘဲ အဆိုပါပြောကြားချက်ကို လက်ရှိစုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ ခရီးသည်အချို့နှင့် ဒေသခံပြည်သူများက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာရန် ကြန့်ကြာခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။
လူနာတင်ကားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မရောက်ရှိလာမီ၊ မီးလောင်နေသည့် ဘတ်စ်ကားအတွင်း ပိတ်မိနေသူများကို ကယ်တင်ရန် အနီးနားရှိ ရွာသားများက အပြေးအလွှား လာရောက်ကူညီခဲ့ကြရကြောင်း ခရီးသည်များက ပြောသည်။ ထို့အပြင် မီးသတ်တပ်ဖွဲ့ ရောက်ရှိလာချိန်တွင် ဘတ်စ်ကားတစ်စီးလုံးကို မီးဝါးမြိုသွားခဲ့ပြီဖြစ်ပြီး ခရီးသည်အများအပြားလည်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မီးလောင်ကျွမ်းသွားသည့် ယာဉ်များကို ဖယ်ရှားပြီး လမ်းပြန်မဖွင့်ပေးနိုင်မီအချိန်အထိ ဒေလီ-မွမ်ဘိုင်း အမြန်လမ်းမကြီး၏ နှစ်ဖက်စလုံးရှိ ယာဉ်ကြောပိတ်ဆို့မှုကို တစ်နာရီနီးပါးခန့် ပိတ်ဆို့ထားခဲ့ရကြောင်း အရာရှိများက ပြောသည်။
အာဏာပိုင်များသည် ယာဉ်တိုက်မှုဖြစ်ပွားရသည့် အခြေအနေများ၊ မီးလောင်ရသည့် အကြောင်းရင်းနှင့် ဘတ်စ်ကားပေါ်တွင် တရားမဝင်ကုန်စည်များ သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်များကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
ရာဂျက်စသန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အာရှော့ ဂီလော့ (Ashok Gehlot) ကလည်း ယခုဖြစ်ရပ်ဆိုးအပေါ် ဝမ်းနည်းပူဆွေးမှု ဖြစ်မိကြောင်း ပြောကြားခဲ့သည်။
“ဒေါဆာခရိုင် ဒေလီ-မွမ်ဘိုင်း အမြန်လမ်းပေါ်မှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ဝမ်းနည်းစရာကောင်းတဲ့ ယာဉ်မတော်တဆမှု သတင်းကြောင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ဘုရားသခင်အနေနဲ့ ဒီခက်ခဲတဲ့အချိန်မှာ သူတို့ကို ခွန်အားတွေ ပေးသနားပါစေကြောင်းနဲ့ ကွယ်လွန်သူတွေရဲ့ ဝိညာဉ်များ ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးပါတယ်။ ဒဏ်ရာရရှိခဲ့သူတွေလည်း အမြန်ဆုံး ပြန်လည်သက်သာလာပါစေလို့ ဆန္ဒပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref : IANS , ANI & Zee News
