MT News
၁. ၇. ၂၀၂၆
ကလေးဆေးရုံကြီး(ရန်ကုန်)၌ ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ခဲ့သော ရင်ချင်းဆက် အမွှာမိန်းကလေးနှစ်ဦးသည် ယနေ့တွင် ခွဲစိတ်ပြီး ရက်ပေါင်း(၁၉)ရက်ရှိပြီဖြစ်ပြီး ကလေးများကျန်းမာရေးအခြေအနေကောင်းမွန်ကာ သီးသန့်စီပျော်ရွှင်စွာ သွားလာလျက်ရှိကြောင်း သိရသည်။

အဆိုပါကလေးငယ်များသည် ပခုက္ကူမြို့နေ အသက်(၃၁)နှစ်အရွယ် မိခင်မှ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က လာရောက်ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မွေးဖွားပြီးချိန်မှစ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် (ရန်ကင်း)တို့၌ ထားရှိပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ခွဲစိတ်ကုသမှု ဆောင်ရွက်မည့် ကလေးဆေးရုံကြီး(ရန်ကုန်)၌ ပြောင်းရွှေ့၍ လိုအပ်သည်များ ပြင်ဆင်ခဲ့ပြီး ဇွန် ၁၁ ရက်၊ အသက်နှစ်နှစ်၊ ငါးလရှိချိန်တွင် ကလေးဆေးရုံကြီး (ရန်ကုန်)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကလေးဆေးရုံကြီး (ရန်ကုန်)၌ ယခုခွဲစိတ်ကုသမှုအပါအဝင် ရင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုကိုးကြိမ်၊ ကလေးဆေးရုံကြီး (မန္တလေး)တွင် သုံးကြိမ်ကို ပြည်တွင်းမှ ဆေးပညာရှင်များဖြင့် ခွဲစိတ်ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။
