၁.၇.၂၀၂၆
Written By Thandar
Shwe Nadi Shwe Yi Flim Production က Family Action Drama ဇာတ်လမ်းပုံစံ “အဆုံးမဲ့နိဂုံး”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို ပြည်လမ်းရှိ Novotel Hotel မှာ ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။
“ငွေကြေး၊ ဩဇာ၊ အာဏာကြီးကြတဲ့ မိသားစုနှစ်စုကြားက ဆွေစဉ်မျိုးဆက်ဖြစ်ပေါ်လာခဲ့တဲ့ ဒေါသစိတ် အာဃာတရန်ငြိုးတွေ၊ ကလဲ့စားချေလိုမှုတွေကို Action Drama ဇာတ်လမ်းပုံစံ ရေးသားထားတာပါ။ ကျွန်တော်တို့ ကိုဒီဒီထက်အောင်နဲ့တိုင်ပင်ပြီးတော့ ဇာတ်ညွှန်းခွဲပြီး ရေးပေးတာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံးရိုက်ဖြစ်တဲ့ ဇာတ်ပါ။ ကိုဝင်းလွင်ထက်ကို ပူဆာပြီး ရိုက်ခဲ့တာပါ။ အနုပညာညီအစ်ကိုမောင်နှတွေ မိသားစု အက်ရှင်ဒရာမာမှာ ပါဝင်ပေးကြသူတွေလည်း ကျေးဇူးတင်ပါတယ်”လို့ ဇာတ်လမ်း၊ သရုပ်ဆောင် ဖြိုးလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဖြိုးလေး၊ ဇာတ်ညွှန်း ဒီဒီထက်အောင်နဲ့ သူရဿဝါ၊ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က Family Action Drama ဇာတ်လမ်းပုံစံရိုက်ကူးပုံဖော်ထားတာပါ။ သရုပ်ဆောင်တွေဖြစ်တဲ့ ဖြိုးလေး၊ အကယ်ဒမီမင်းဦး၊ နေထွဋ်၊ ချာလီငြိမ်း၊ သူရဇော်၊ ဇွဲ၊ နေရဲ၊ ဝါဆိုမိုးဦး၊ ယမင်းမေဦး၊ ထက်ထက်လင်းလက် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ဒီဇာတ်ကားကလည်း တကယ်ကို ထူးထူးခြားခြား ဖိုက်တင်ကားလေးဖြစ်နေတယ်ပေါ့။ ဖိုက်တင်အက်ရှင် ဇာတ်လေးရိုက်တာလည်း နည်းနည်းရှားတယ်လေ။ အဲဒါကြောင့် ရိုက်ဖြစ်တာပါ။ ဒီကားထဲမှာ ဖိုက်တင်တွေကို တစ်နေ့လုံး တစ်ညလုံးကို ထိုးကြိတ်ရတာပါ။ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်ကားပါ”လို့ အကယ်ဒမီ မင်းဦးက ပြောပါတယ်။
“အဆုံးမဲ့နိဂုံး” ဇာတ်လမ်းတွဲကို ယနေ့ ဇူလိုင် ၁ ရက် ညနေပိုင်းမှာ အပိုင်း ၄ ကို Shwe Nadi ShweYi Application က ဆက်လက်ထုတ်လွှင့်မှာလည်းဖြစ်ပါတယ်။
#PhyoLay #minoo #NayHtut #charlinyein #NayYe #sushahtookyi #Bolay #Thurazaw #Zwe #shinelatt #WarsoMoeOo #YaminMayOo #htethtetlinnlatt #shwenadiapplication #shwenadi #shwenadiapp #အဆုံးမဲ့နိဂုံး






