၁.၇.၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံတွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘော်နိုပြည်နယ်၊ လာဆာမြို့မှ အလယ်တန်းကျောင်း တစ်ကျောင်းကို ပစ်မှတ်ထား၍ သေနတ်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတစ်ရပ် ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့ရာ တိုက်ခိုက်မှုအပြီး အနည်းဆုံး ကျောင်းသား ၃၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံအရာရှိများက ပြောကြားခဲ့သည်။
အစ္စလာမ္မစ်နိုင်ငံတော် အနောက်အာဖရိကပြည်နယ် (ISWAP) အမည်ရှိအုပ်စုမှ သေနတ်သမားများက ဘော်နိုပြည်နယ်၊ လာဆာမြို့ရှိ အလယ်တန်းကျောင်းကို ဝင်ရောက်စီးနင်းချိန်တွင် ကျောင်းသားများက စာမေးပွဲဖြေဆိုနေကြစဉ်ဖြစ်ပြီး ထိုကျောင်းမှာ လက်နက်ကိုင်အဖွဲ့များ၏ နှစ်ပေါင်းများစွာ အကြမ်းဖက်မှုကို ရင်ဆိုင်နေရကြောင်း AFP သတင်းဌာနက ဇွန်လ ၃၀ ရက်က ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်သားတစ်ဦးနှင့် ဆရာတစ်ဦး အပါအဝင် အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဖမ်းဆီးပြန်ပေးဆွဲခံရ၍ ပျောက်ဆုံးနေသည်ဟု ယူဆရသောကျောင်းသားများ၏ ကျား/မနှင့် ၎င်းတို့ မိဘများ၏ မိုဘိုင်းဖုန်းနံပါတ်များကို ပြသထားသည့် “ဖမ်းဆီးခံထားရသော ကျောင်းသားစာရင်း” ကို ဒေသန္တရအစိုးရကောင်စီဝင် အီဂျာဂလာ အီဂျာဘီလာ Ijagla Ijabila က သတင်းထောက်များနှင့် မျှဝေခဲ့သည်။
ထောက်လှမ်းရေးသတင်းရင်းမြစ်တစ်ခုကလည်း AFP သို့ အဆိုပါစာရင်းကို ပြသခဲ့သည်။
ဘော်နိုပြည်နယ် ပညာရေးမဟာမင်းကြီး လာဝမ် အက်ဘာ ဝါကီလ်ဘီ က ကျောင်းသူ ၂၅ ဦး၊ ကျောင်းသား ၁၁ ဦးနှင့် ဝန်ထမ်းတစ်ဦးတို့ကို လက်နက်ကိုင်များက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သတင်းထောက်များအား လာဆာတွင်ပြောကြားခဲ့သည်။
အက်ဘာ ဝါကီလ်ဘီက ကျောင်း၏ ဒုတိယကျောင်းအုပ်ကြီးအပါအဝင် လူရှစ်ဦးမှာ လွတ်မြောက်လာခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အထူးသဖြင့် ကျောင်းသားများကို ပြန်ရွေးငွေရရှိရေးအတွက် ပြန်ပေးဆွဲခြင်းက လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ၏ ပဋိပက္ခဖြစ်ပွားရာ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လှုပ်ရှားနေသော အယူဝါဒမဲ့ “ဓားပြ” ဂိုဏ်းများအတွက် အသုံးများသော နည်းဗျူဟာတစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ချီဘုတ်မြို့၌ ဘိုကိုဟာရမ် အဖွဲ့ဝင်များက ကျောင်းသူ ရာပေါင်းများစွာကို ပြန်ပေးဆွဲခြင်းသည် နိုင်ဂျီးရီးယား၌ အဆိုးရွားဆုံးအကြမ်းဖက်မှုအဖြစ် ဆက်လက်တည်ရှိခဲ့ပြီး ကျောင်းပြန်ပေးဆွဲမှုများက နိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဘော်နို ပြည်နယ်ရှိ မတ်ဆာရွာတွင် မေလကလည်း သေနတ်သမားများက ကျောင်းသား ၄၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။
ထိုလတွင်ပင် နိုင်ဂျီးရီးယားနိုင်ငံ၌ အလုံခြုံဆုံးဒေသအဖြစ် သတ်မှတ်ခံထားရသည့် နိုင်ငံအနောက်တောင်ပိုင်း၊ အိုယိုပြည်နယ်တွင် ရှားရှားပါးပါး တိုက်ခိုက်မှုတစ်ခုအဖြစ် လက်နက်ကိုင်များက ကျောင်းသုံးကျောင်းမှ ကျောင်းသားများစွာကို ဖမ်းဆီးခဲ့သည်။
နိုင်ဂျီးရီးယားသည် ၂၀၀၉ ခုနှစ်မှစ၍ နိုင်ငံအရှေ့မြောက်ပိုင်းတွင် အဓိကထား၍ လက်နက်ကိုင်အုံကြွမှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကြာခန့်တွင် ပဋိပက္ခအခြေအနေအထွတ်အထိပ်ရောက်ပြီးသည့်နောက် အကြမ်းဖက်မှုများ လျော့နည်းသွားသော်လည်း ယမန်နှစ်မှစ၍ တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်ဟု လေ့လာသုံးသပ်သူများက သတိပေးခဲ့ကြသည်။
Ref- AFP

