◾ Blacklist ဖြေပေးရန်အတွက် သက်ဆိုင်ရာဌာန၊ရုံးများနှင့် ပြည်ပတွင် သံရုံးတို့၌ လျှောက်ထားနိုင်ပြီး အားလုံးကို ဖြေလျှော့ပေးလျက်ရှိဟုပါ ပြောကြား

လင်းအိမ်
၃၀. ၆.၂၀၂၆
ပြစ်ဒဏ်ကျခံပြီးသူများနှင့် PDF များကို Blacklist မသွင်းဘဲ ဌာနကင်းကွာ အစိုးရဝန်ထမ်းများကိုသာ Blacklist သွင်းပြီး ယင်းအနက် ၇၀၀၀ ကျော်ကို Blacklist ဖြေပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက နေပြည်တော်၌ ဇွန် ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် Blacklist အမည်စာရင်းမှ ဖြေပေးရန်အတွက် သက်ဆိုင်ရာဌာန၊ ရုံးများနှင့် ပြည်ပတွင်ဖြစ်ပါက သက်ဆိုင်ရာ သံရုံးတို့၌ လျှောက်ထားနိုင်ပြီး အားလုံးကို ဖြေလျှော့ပေးလျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ” ပြစ်ဒဏ်ကျခံပြီးလို့ လွတ်ငြိမ်းနဲ့ လွတ်လာရင် ကျွန်မတို့ Blacklist လုံးဝ မလုပ်ပါဘူး။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာရင် သာမန်ပြည်သူ ပြန်ဖြစ်သွားပြီ။ နောက်တစ်ခုက PDF တွေ၊ အလင်းဝင်လာတဲ့ အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဒီ PDF တွေကိုလည်း ကျွန်မတို့ ပြန်ဝင်လာတဲ့အချိန်မှာ ဒါက ကိုယ့်သားကိုယ့်သမီးတွေပါပဲ။ တကယ်တော့ ကျွန်မတို့ နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေ၊ ကျွန်မတို့ကျွန်မဆို ကျွန်မအသက်အရွယ်နဲ့ ကြည့်မယ်ဆို သားသမီးအရွယ်တွေပေါ့နော်။ ရင်နှစ်သည်းချာအရွယ်တွေ၊ ကလေးတွေ၊ စာသင်ရမယ့်အရွယ်တွေ၊ သူတို့ကို Blacklist လုံးဝ မသွင်းပါဘူးရှင်။ အဲ့ဒီနှစ်ဖွဲ့က Blacklist မသွင်းဘူး။ Blacklist သွင်းထားတာ ရှိပါတယ်။ အဲ့ဒါက ဘယ်လိုလဲဆိုတော့ ကျွန်မတို့ သက်ဆိုင်ရာ ဌာနဆိုင်ရာက အဖွဲ့အစည်းတွေကနေပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ဌာနကင်းကွာ။ ဌာနကင်းကွာ၊ ဒါ ဝန်ထမ်း။ ဝန်ထမ်းကိုလည်း ကျွန်မတို့ အများသောအားဖြင့် ဒီ ဌာနကင်းကွာတဲ့ ဝန်ထမ်းတွေ၊ နောက်တစ်ခါ ဒီ လုပ်ငန်းတွေပေါ့၊ စီးပွားရေးလုပ်ငန်းတွေ ဘာတွေ စသည်ဖြင့် သူတို့ တစ်ခုခု လိုအပ်ချက်ရှိတဲ့လူ၊ ဥပမာငွေကြေးတွေ ပြန်မဆပ်တာ ဒါ မျိုးစုံ ရှိပါတယ်။ အဲဒါတွေကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ဒီလူကိုတော့ Blacklist သွင်းပေးပါဆိုရင် ဒါက လဝကကနေပြီးတော့ Blacklist ထဲမှာ ကျွန်မတို့ ထည့်ထားပါတယ်။ အဲတော့ Blacklist ရှိတယ် ” ဟု သတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Blacklist ဖြေပေးရန်အတွက် အဆင့်ဆင့်ဆောင်ရွက်ရသည့် Process ရှိပြီး ဖြေပေးခဲ့သူ ၇၀၀၀ ကျော်ရှိပြီး ဆက်လက်၍ Blacklist ဖြေပေးပြီးသူများကို ကြေညာပေးလျက်ရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားခဲ့သည်။
“သူတို့သည် အဲ ဒီ Blacklist ဖြေပေးဖို့အတွက်ကို ပြောရင် သက်ဆိုင်ရာဌာနကနေပြီးတော့ ကျွန်မတို့ အဆင့်ဆင့် လုပ်ရတဲ့ Process တော့ ရှိပါတယ်၊ အချိန်တိုင်းတာတစ်ခု ရှိတယ်။ အဲဒီ Blacklist တွေ ဖြေပါတယ်။ ထောင်ဂဏန်းမှာ ကျွန်မ မှတ်မိသလောက် ၇,၀၀၀ ကျော်လားမသိဘူး။ ကျွန်မတို့ Blacklist ဖြေပြီး ဖြေပေးခဲ့ဖူးပါတယ်။ အခု လက်ရှိ နောက်ထပ်တစ်ခါ တချို့ကျန်တယ်၊ ဒီသတင်းကို မသိကြဘူး။ ဒါက ကျွန်မတို့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေထဲမှာလည်း တချို့ ဒါ ဒီသတင်းကိုမသိဘူး Blacklist ဖြေပေးနေတယ်ဆိုတာ မသိတော့။ ထပ်ပြီးတော့ ကျွန်မတို့ ဒီ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထပ်ကြေညာပေးပါတယ် ” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ” Blacklist ထဲမှာ ပါနေသေးရင် ဒီ Blacklist ကနေ ဖြေဖို့အတွက်ကို သက်ဆိုင်ရာ ရုံးတွေမှာ လျှောက်ပါ၊ ဖြေပေးနေပါတယ်။ အခုလည်း Blacklist ဖြေပေးတဲ့ ကိစ္စတွေ ဆောင်ရွက်နေပါတယ်။ တကယ်လည်း ဖြေပြီးသွားတဲ့လူတွေ အရေအတွက်တွေ တိုးပွားနေတာကို ကျွန်မတို့ သိရပါတယ်။ အဲဒီတော့ တကယ်လို့များ ကိုယ်က Blacklist ထဲမှာ ပါနေသေးတယ်၊ ကိုယ်ကိုယ်တိုင်က တိုင်းပြည် ဒီ နိုင်ငံတွင်းမှာ အေးအေးချမ်းချမ်း နေချင်တယ်၊ အကြောင်းအမျိုးမျိုးကြောင့် နော် နိုင်ငံတော်အစိုးရကို ဘာမှ ဆန့်ကျင်တာပြုတာ မဟုတ်ဘဲနဲ့ နောက် ကင်းကွာ။ ဌာနကင်းကွာတွေပေါ့၊ အထူးသဖြင့်ကတော့ ဖြစ်သွားတယ် ဆိုရင် ပုံမှန်အတိုင်း လုပ်ကိုင် စားသောက်ဖို့၊ သီပွားထွက်ခွာဖို့အတွက်ကို Blacklist ဖြေပါ။ သူ လုပ်ရမယ့် Process အတိုင်း လုပ်ပါ၊ အားလုံးကို ဖြေလျှော့ပေးပါတယ်။ ဘာမှ ဒါက စိုးရိမ် မိသားစုထဲမှာလည်း ဖြစ်စရာ အကြောင်းမရှိပါဘူး။ ကိုယ်ကိုယ်တိုင် သွားလျှောက်ရင် ကျွန်မတို့ ပြန်လည်စိစစ်ပြီးတော့မှ ဒါ ဖြေပေးမှာပါ ” ဟု ပြောကြားခဲ့သည်။
၂၀၂၄ နောက်ပိုင်းက စတင်၍ Blacklist ဖြေပေးခြင်းဖြစ်ပြီး ယင်းစာရင်းထဲဝင်သူများတွင် ရည်ရွယ်၍ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့်နှင့် လုံခြုံရေးအခြေအနေကြောင့် စာရင်းထဲရောက်သွားရခြင်းဖြစ်ပြီး သို့အတွက်ကြောင့် ဖြေလျှော့ပေးနေခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားခဲ့သည်။
