သတိုး
၃၀. ၆. ၂၀၂၆
၁။
နွေဦးတော်လှန်ရေးအမည်ခံထားသော ၂၀၂၁ ခုနှစ် ပဋိပက္ခဖြစ်ပွားအပြီး ပေါ်ထွန်းလာသော လက်နက်ကိုင်အဖွဲ့ပေါင်းများစွာက နွေဦးထီအမည်ခံ ထီစနစ်ဆယ်ရာချီကို နယ်မြေဒေသနှင့် လက်နက်ကိုင်အဖွဲ့အလိုက် ထီအမျိုးအမည်ပေါင်း ရာချီ ရောင်းချနေချိန်တွင် တရားဝင်အစိုးရတစ်ရပ်၏ ထီစနစ်နှင့် ဆုကြေးခွဲဝေခြင်းမှာ ထိုးသားပြည်သူများ၏ ထီထိုးလိုစိတ်အပေါ် ဆွဲဆောင်နိုင်မှု အားနည်းလာနေသည်ကို တွေ့မြင်ရသည်။
တရားမဝင် အဖွဲ့အစည်းများဖြစ်သော NUG ၏ နွေဦးထီ၊ ထောက်ပို့များနှင်် PDF များ၏ ထောက်ပို့ထီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်အမျိုးမျိုးထီပေါင်းများစွာထက် တရားဝင်အစိုးရတစ်ရပ်၏ အောင်ဘာလေထီစနစ် (စာရွက်ထီ) က သာလွန်ကောင်းမွန်နေရမည့်အချိန်တွင် အောင်ဘာလေထီစနစ်က မည်သည့်အတွက်ကြောင့် ဆွဲဆောင်မှုအားနည်းနေသည်ကို ထောက်ပြရမည်ဆိုလျှင် အချက်ပေါင်းများစွာ ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်ပြီး ထိုအထဲမှ အဓိက ကျသည့်အချက်များကိုပျမ်းမျှစဥ်းစားမည်ဆိုပါက
(၁) ယခင်က အက္ခရာ ၄၂ လုံးဖြင့် ကျပ်သိန်း ၁၅၀၀၀ အထိ အမြင့်ဆုံး ဆုချီးမြှင့်နိုင်ခဲ့ပြီး လက်ရှိတွင် အက္ခရာ ၁၅ လုံးဖြင့် အမြင့်ဆုံးမှ ကျပ် သိန်း ၅၀၀၀ သာ ချီးမြှင့် ပေးနိုင်တော့ခြင်း။
(၂) လက်လီထီဆိုင်များမှာ ဒိုင်ကြီးများထံမှ ထီတစ်စောင် ၁၀၉၀ ကျပ်နှင့် ကျပ် ၁၂၀၀ အကြား ယူရောင်းနေရပြီး အများအားဖြင့် ကျပ် ၁၃၀၀ မှ ကျပ် ၁၄၀၀ ကြား ပြန်လည်ရောင်းချနေရသဖြင့် ထီတစ်စောင် ကျပ် ၂၀၀ ခန့်သာ ပျမ်းမျှ အမြတ်ရနေချိန်တွင် အစိုးရက ထီရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် ရယူနေခြင်း။
(၃) ထီဆုအရေအတွက် အများကြီး ပြန်လည်ချီးမြှင့်သည်ဟု ထင်ရစေရန်အတွက် ထိရောက်မှုနည်းသော တစ်သောင်းကျပ်ဆုနှင့် ငါးသောင်းကျပ်ဆုများကိုသာ ဆုပေါင်း သိန်းနှင့်ချီ အမြောက်အမြား ထည့်သွင်းထားခြင်းမှာ လက်ရှိကုန်စျေးနှုန်း အခြေအနေအရ ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုခြင်း ရှိ၊ မရှိ ပြန်လည်သုံးသပ်ရမည့် အခြေအနေ ဖြစ်နေခြင်းတို့ဖြစ်သည်။
၂။
ယခင်က အက္ခရာ ၄၂ လုံးဖြင့် ကျပ်သိန်း ၁၅၀၀၀ အထိ အမြင့်ဆုံး ဆုချီးမြှင့်နိုင်ခဲ့ပြီး လက်ရှိတွင် အက္ခရာ ၁၅ လုံးဖြင့် အမြင့်ဆုံးမှ ကျပ် သိန်း ၅၀၀၀ သာ ပေးနိုင်တော့ခြင်းနှင့် စပ်လျဥ်း၍ စဥ်းစားမည်ဆိုလျှင် ယခုစနစ်တွင်မူ ယခင်ကထက် အက္ခရာထက်ဝက်နီးပါးလျော့ကျနေသဖြင့် ဆုချီးမြှင့်မှုမှာ သင့်တင့်မည်ဟု ယူဆရနိုင်သည်။
သို့သော် ယခင်က ဆုကြေး ကျပ် သိန်း ၁၅၀၀၀ မှာ ရန်ကုန် အချက်အခြာကျနေရာများ၊ လမ်းမတန်းမှ အိမ်ခြံမြေများ ဝယ်ယူနိုင်သည့် ပမာဏဖြစ်ခြင်း၊ ဇိမ်ခံကား သုံးလေးစီး ဝယ်ယူနိုင်ခဲ့သည့် ပမာဏဖြစ်ခြင်း၊ ကွန်ဒိုလေးငါးခန်း ဝယ်ယူနိုင်ခြင်းကြောင့် ထီဆုကြီးပေါက်ပါက သူဌေးသူကြွယ်ဘဝရောက်နိုင်သည့်အခြေအနေဖြစ်သော်လည်း ယခု အမြင့်ဆုံး သိန်း ၅၀၀၀ ဆုမှာ ရန်ကုန်တွင် သာမန်မြို့နယ်များ၏ လမ်းမတန်းတွင် ပေ ၂၀၊ ပေ ၆၀ ပင် ဝယ်မရနိုင်တော့သော၊ ကွန်ဒိုတိုက်ခန်းတစ်ခုပင် ဝယ်ယူရန် မလွယ်ကူတော့သော အခြေအနေဖြစ်၍ အောင်ဘာလေသိန်းထီဆုကြီးပေါက်လျှင်ပင် အိမ်တစ်လုံးဝယ်ရန် ခက်ခဲနေသည်ကို တွေ့ရမည်ဖြစ်သည်။
ယခု ၈၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် အက္ခရာ ၁၅ လုံးပါ အောင်ဘာလေထီကို ထီအုပ် ၁၂၂၇၂၇၀ ရောင်းချခဲ့ပြီး ရငွေကျပ်သန်း ၁၂၂၇၂ ဒသမ ၇၀၀ မှ အစိုးရက ၃၀ ရာခိုင်နှုန်းဖြတ်တောက်ကာ ထီဆုအဖြစ် ကျပ်သန်း ၈၅၉၀ ဒသမ ၈၉၀ ပြန်လည်ချီးမြှင့်မည်ဖြစ်ပြီး ယခင်အပတ် ထီဆုမမှီငွေနှင့် ဘဏ္ဍာသိမ်းရငွေပေါင်းပါက ကျပ် ၈၈၄၀ ဒသမ ၉၆၆ သန်း (ကျပ် ၈ ဒသမ ၈၄ ဘီလီယံ) ချီးမြှင့်မည်ဖြစ်သည်ကို တွေ့ရသည်။
ထိုဆုမဲများထဲမှ အမြင့်ဆုံးမှ ကျပ် သိန်း ၅၀၀၀ သာ ပေးအပ်ခြင်းမှာ ဆုပြန်လည်ချီးမြှင့်ငွေ၏ ၅ ဒသမ ၇ ရာခိုင်နှုန်းခန့်သာရှိနေသည်ကို တွေ့ရသည်။ ထိုပမာဏသည် ထီထိုးပြည်သူများကို ဆွဲဆောင်မှုအားနည်းစေသည်မှာ အမှန်ပင်ဖြစ်သည်။
၃။
လမ်းဘေးရောင်းချသော လက်လီထီဆိုင်များမှာ ဒိုင်ကြီးများထံမှ ထီတစ်စောင် ၁၀၉၀ ကျပ်နှင့် ကျပ် ၁၂၀၀ အကြား ယူရောင်းနေရသည်ဟု ထီဆိုင်ငယ်များထံမှ စုံစမ်းသိရပြန်သည်။ လက်လီထီဆိုင်များမှာ အများအားဖြင့် ကျပ် ၁၃၀၀ မှ ကျပ် ၁၄၀၀ ကြား ပြန်လည်ရောင်းချနေရသဖြင့် ထီတစ်စောင် ကျပ် ၂၀၀ ခန့်သာ ပျမ်းမျှ အမြတ်ရနေချိန်တွင် အစိုးရက ထီရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းကို အခွန်ဘဏ္ဍာအဖြစ် ရယူနေခြင်းမှာ ထီထိုးသူပြည်သူတစ်ဦးအား “ထီပေါက်ချင်ပေါက် မပေါက်ချင်နေ။ ထီတစ်စောင်ထိုးတာနဲ့ နိုင်ငံကို ကျပ် ၃၀၀ အခွန်ဆောင်” ဆိုသည့် အသွင်ဖြစ်နေသည်။
အစိုးရက ထီတစ်စောင် ကျပ် ၃၀၀ ခန့် အမြတ်ယူနေချိန်တွင် ဒိုင်ကြီးများကလည်း ထီတစ်စောင်ချင်းအပေါ် ကျပ် ၁၂၀ မှ ၂၂၀ ခန့်အကြား အမြတ်တင်ရောင်းချနေသည့်ဖြစ်စဥ်ကြောင့် လက်လီရောင်းချသူများကပါ မဖြစ်မနေ ထီတစ်စောင် ၁၃၀၀၊ ၁၄၀၀ ရောင်းချနေရသည်မှာ ထီထိုးပြည်သူများအဖို့ ထီဆုကြီးက ဆုငွေနည်းရသည့်အထဲ ပေးရသည့်ထီတစ်စောင်တန်ဖိုးက ဖိစီးနေပြန်သည်။
ထိုနေရာတွင် အစိုးရက အခွန်ယူသည့် ၃၀ ရာခိုင်နှုန်းမှာ ယခင်က ၄၀ ရာခိုင်နှုန်းမှ လျှော့ချထားခြင်းဖြစ်ပြီး ရငွေကို ပြည်သူအတွက် ပြန်သုံးသလို အခြားနိုင်ငံများတွင်လည်း ထိုမျှရာခိုင်နှုန်းဖြတ်တောက်နေသဖြင့် ပုံမှန်အခြေအနေတွင် အငြင်းပွားစရာလိုမည်မဟုတ်သော်လည်း ယခုကာလကဲ့သို့ တရားမဝင်လက်နက်ကိုင်တစ်ဖွဲ့ ထီစနစ်တစ်ခုဖြင့် ရောင်းချနေသည့်ကာလတွင်မူ ထိုသို့ ထီရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းအထိ အခွန် ဖြတ်တောက်မှုမှာ ချိန်ဆသင့်သည့် အခြေအနေလည်း ဖြစ်နေသည်။ ထို အခွန်ဖြတ်တောက်မှုကို ၂၀ ၊ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချမည်ဆိုပါကလည်း ထီထိုးသူများအတွက် ဆုကြီးများ ပိုမိုချီးမြှင့်နိုင်မည်ဖြစ်သလို ထီဝယ်လို ရောင်းလို ထိုးလိုအားလည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ ထီဝယ်လို ရောင်းလို ထိုးလိုအား ပိုမိုမြင့်တက်လာ၍ အက္ခရာများ ထပ်တိုးရောင်းချနိုင်ပါက အစိုးရအတွက် အခွန်လည်း ယခုထက်များစွာ ပိုမိုရရှိလာနိုင်မည့် အားသာချက်လည်း ရှိနေသည်။
၄။
အောင်ဘာလေစနစ်ပြုပြင်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့်ဆုကြေးစနစ်မှာ ကျပ် တစ်သောင်းဆုပေါင်း တစ်သိန်း (ကျပ် တစ်ဘီလီယံ) အထိ ထည့်သွင်းထားခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင် လမ်းဘေးထမင်းဆိုင်တွင်ပင် အစားကြီးသူအတွက် ကျပ်တစ်သောင်းဖြင့်မလုံလောက်။ နံနက်စာအဆာပြေ လက်ဖက်ရည်ဆိုင်တွင်စားလျှင်ပင် ကျပ် တစ်သောင်းထည့်သွားပါက လက်ဖက်ရည်နှင့် မုန့်သာ ရဲရဲဝံ့ဝံ့စားရဲသည့် ခေတ်ကာလတွင် ကျပ် ၁၀၀၀၀ ဆုမှာ လူရယ်စရာဖြစ်နေသည်။ ကျပ် ၁၀၀၀ ထီအတွက် ထီအစောင်ရေ ၁၅ သန်းအောက် ရောင်းချနေချိန် ထီဆုပေါင်း ၁၇၀၀၀၀ ကျော်၊ ၁၈၀၀၀၀ ခန့်ပေးကာ ဆုအများကြီးပေးသည်ထင်ရအောင် ကျပ် တစ်သောင်းဆုပေါင်း တစ်သိန်းအထိထည့်ပြထားသည့်အသွင်ပင်ဖြစ်နေသည်။
ထို့အတူ ကျပ် ၅၀၀၀၀ ဆုကိုလည်း ဆုမဲပေါင်း ၆၀၀၀၀ အထိ ထည့်သွင်းကာ ကျပ် သုံးဘီလီယံအထိ အသုံးပြုနေသည်မှာလည်း ဖြစ်သင့်မသင့် ပြန်လည်ချိန်ထိုးရမည်ဖြစ်သည်။
ကျပ် ၁၀၀၀၀ ဆုထက်စာလျင် ကျပ် ၅၀၀၀၀ ဆုမှာ မဆိုးလှဟု ထင်ရသော်ငြား ထို ကျပ် ၅၀၀၀၀ ဆုမှာလည်း နေအိမ်တွင် အသုံးပြုသည့် ဒယ်နီတစ်လုံးပင် ကျပ် တစ်သိန်းကျော်နေသည့်ကာလတွင် ထီပေါက်သူအဖို့ အမှတ်တရအခြေအနေသာရှိနေသည်။
ထိုသို့ ပြည်သူ့အတွက် ထိရောက်မှုအားနည်းသည့် ကျပ် ၁၀၀၀၀ ဆု၊ ကျပ် ၅၀၀၀၀ ဆုများကို ဆုပေါင်း ၁၆၀၀၀၀ ဖြင့် ကျပ် ၄ ဘီလီယံသုံးစွဲနေမည့်အစား ပြည်သူများအတွက် အရင်းအနှီးတစ်ခု ထူထောင်နိုင်မည့် ကျပ်သိန်း ၅၀ ဆုနှင့် ကျပ်သိန်း ၁၀၀ ဆုများကို ကျပ် တစ်ဘီလီယံဖိုးစီ အသွင်ပြောင်းမည်ဆိုပါက ကျပ်သိန်း ၁၀၀ ဆု ဆုပေါင်း ၁၀၀ နှင့် ကျပ် သိန်း ၅၀ ဆု ဆုပေါင်း ၂၀၀ ထပ်တိုးနိုင်မည်ဖြစ်ရာ ထီပေါက်ငွေမှ လုပ်ငန်းငယ်တစ်ခု ထူထောင်နိုင်မည့် ပြည်သူ ၃၀၀ လစဥ် တိုးလာမည်ဖြစ်သည်။
ထီဆုဆိုသည်မှာ တစ်ဦးတည်းက ဆုအကြီးကြီးပေါက်ကာ မီလျံနာထွက်ပေါ်လာသည့်စနစ်မှာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင်သာ ထီထိုးရန် မက်လုံးဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ ပြာပုံမှ ရုန်းထရမည့်နိုင်ငံများတွင်မူ ထီဆုကြီးတစ်ဆုမှာ ထီထိုးပြည်သူပျော်အောင် မက်လောက်စရာ အခြေအနေ ဖြစ်သင့်သလို ကျန်ဆုများမှာလည်း ပြည်သူအများအတွက် အကျိုးရှိသင့်ပေသည်။
လက်ရှိ အောင်ဘာလေ သိန်းဆုထီ၏ ထီဆုချီးမြှင့်သည့်ပုံစံမှာ ထီဆုကြီးရော ဆုသေးတွင်ပါ မေးခွန်းထုတ်စရာအခြေအနေများရှိနေသဖြင့် နိုင်ငံတော်ပြန်လည်တည်ဆောက်စအချိန်တွင် အိမ်တစ်လုံးပင် ဝယ်ရန်မလွယ်သည့် ထီဆုကြီးနှင့် အသုံးမဝင်သည့် ဆုပေါင်းသိန်းချီအစား လုပ်ငန်းငယ်တစ်ခုထူထောင်နိုင်ရန် အရင်းအနှီးဖြစ်လာသင့်သည့် အလတ်စားဆုများ ပါဝင်သင့်မသင့် ဆိုသည်ကိုမူ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမြင်လိုသည့် ခေါင်းဆောင်များက ပိုမိုကောင်းမွန်သည့် ထီဆုချီးမြှင့်မှုစနစ်ဖြစ်ရေး အလေးပေး စဥ်းစားရမည်သာဖြစ်သည်။
သေချာသည်မှာ အောင်ဘာလေ ထီဆုချီးမြှင့်မှုစနစ်သည် ခေတ်ကာလ ကုန်ဈေးနှုန်းနှင့် လျော်ညီသော ဆုကြေးစနစ်ဖြစ်စေရန် ပြင်ဆင်ရမည့်အခြေအနေ မလွဲမသွေ လိုအပ်နေသလို ဆုကြီးပိုင်းနှင့် အလတ်စားဆုများကို ထိရောက်စွာ တိုးမြှင့်ပေးခြင်းဖြင့်သာ ပြည်သူလူထု၏ ထီထိုးလိုစိတ်ကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်းလည်း မူဝါဒချမှတ်နိုင်သူများကို ထပ်ဆင့် အသိပေးလိုပါသည်။
