သတိုး
၂၁. ၈. ၂၀၂၆
မြန်မာ့တပ်မတော်သည် နိုင်ငံ့တောင်ပိုင်းရှိ ရုရှားကျောထောက်နောက်ခံပြု အထူးစီးပွားရေးဇုန်အတွက် သတ်မှတ်ထားသော နယ်မြေများမှ အကြမ်းဖက် လက်နက်ကိုင်များကို ရှင်းလင်းရန် စစ်သည်အင်အား ရာပေါင်းများစွာ တပ်ဖြန့်ထားပြီး စစ်ဆင်ရေးများ ဆောင်ရွက်နေသည်။
ကပ္ပလီပင်လယ်ပြင်တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ ပါဝင်သော ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ပတ်ဝန်းကျင်ရှိ ယခုစစ်ဆင်ရေးသည် မလက္ကာရေလက်ကြား၏ ဗျူဟာမြောက် အခြားရွေးချယ်စရာတစ်ခုအဖြစ် ကြွေးကြော်ထားသည့် ယင်းစီမံကိန်းကို ပြန်လည်အသက်သွင်းရန် မြန်မာအစိုးရက လိုလားနေကြောင်း ပြသသည့် အထင်ရှားဆုံး လက္ခဏာဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် သံတမန်ရေးအရ ထိုးဖောက်ရန် ကြိုးပမ်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အာဏာထိန်းသိမ်းသည့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ နိုင်ငံတော်သမ္မတ ဖြစ်လာသူ ဦးမင်းအောင်လှိုင်သည် ယခုလအတွင်း ထိုင်းနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အတွင်း ထားဝယ်စီမံကိန်းကို တောင်အာရှနှင့် အနောက်အာရှတို့သို့ ဆက်သွယ်ပေးနိုင်မည့် တံခါးပေါက်အဖြစ် မိတ်ဆက်ခဲ့သလို၊ ယခုသီတင်းပတ်အတွင်း မော်စကို၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံစဉ်တွင်လည်း ယင်းစီမံကိန်းကို ထပ်မံဆွေးနွေးခဲ့သည်။
ဇူလိုင်လကတည်းက တပ်မတော်သည် ထားဝယ်တည်ရှိရာ ထိုင်းနယ်စပ်အနီး တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ စစ်သည်အင်အား ရာပေါင်းများစွာ ထပ်မံဖြည့်တင်းခဲ့သဖြင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရသည်။
“တပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်”ဟု တနင်္သာရီတိုင်း PDF အဖွဲ့မှ စောဒါးကို က ရိုက်တာသို့ ပြောကြားခဲ့သလို”သူတို့က ဒီထားဝယ် SEZ ကို လည်ပတ်ချင်နေတာ၊ အဲဒါကြောင့် ဒီဒေသကို နယ်မြေရှင်းလင်းချင်နေတာ” ဟု အခြား လက်နက်ကိုင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် မြန်မာနိုင်ငံတောင်ပိုင်းသို့ သွားရောက်ခဲ့ပြီး ထားဝယ်ကဲ့သို့သော “ဗျူဟာမြောက် စီမံကိန်းများ” ကို ကာကွယ်ရန် တပ်မတော်သားများကို တိုက်တွန်းခဲ့ပြီးနောက် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။
ထားဝယ် SEZ ပတ်ဝန်းကျင်ရှိ စစ်ဆင်ရေးကို ရေတပ်နှင့် လေကြောင်းမှ ပါဝင်တိုက်ခိုက်ပေးနေသဖြင့် အဖွဲ့အစည်းကျစ်လစ်မှုမရှိသေးသည့် လက်နက်ကိုင်အဖွဲ့များ အခက်တွေ့နေရကြောင်း စောဒါးကို နှင့် ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“သူတို့က ဒေသထဲဝင်လာပြီး ရေတပ်က စစ်ကူပေးလိုက်တာနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာထဲမှာရှိတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးတော့တာပဲ” ဟု ဒီမိုကရေစီရေး လှုပ်ရှားမှု သပိတ်ကော်မတီမှ မင်းလွင်ဦး က ဆိုသလို “သူတို့ အဲဒီလို စစ်ကြောင်းထိုးတဲ့အခါ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပါတယ်”။ ဟုလည်း ပြောသည်။

ထားဝယ်တွင် စစ်ကြောင်းထိုးမှုသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့များထံ ဆုံးရှုံးခဲ့ရသည့် ဗျူဟာမြောက် နယ်မြေများနှင့် နယ်စပ်ဇုန်များကို ပြန်လည်ထိန်းချုပ်ရန် တပ်မတော်၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာကို ထင်ဟပ်နေသည်။
မူလက ထိုင်းနိုင်ငံနှင့် ဖက်စပ်လုပ်ငန်းအဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သည့် အဆိုပါစီမံကိန်းသည် အရှေ့တောင်အာရှနိုင်ငံများနှင့် အနောက်အာရှ၊ အရှေ့အာရှတို့အကြား ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေသခံများ၏ ကန့်ကွက်မှုနှင့် ရန်ပုံငွေ လိုအပ်ချက်တို့ကြောင့် ၂၀၁၃ ခုနှစ်တွင် ထားဝယ် SEZ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။ အာဏာမထိန်းသိမ်းမီ သီတင်းပတ်အနည်းငယ်အလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် SEZ တာဝန်ခံ ကော်မတီက ပထမအဆင့် တည်ဆောက်ရေးမှ စီမံကိန်း ၉ ခုအတွက် ၂၀၁၅-၂၀၁၆ သဘောတူညီချက်များကို ပယ်ဖျက်ရန် လုပ်ဆောင်ခဲ့သည်။
“ထားဝယ်အထူးစီးပွားရေးဇုန်၏ အလားအလာများကို ဖော်ထုတ်ရန် မိတ်ဖက်သစ်များ ရှာဖွေရေးကို အဓိကထား ဆောင်ရွက်သွားပါမယ်” ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ဖူးသည်။
လက်ရှိမြန်မာအစိုးရသစ်သည် ဦးမင်းအောင်လှိုင်နှင့် တပ်မတော်၏ အဓိကမဟာမိတ်ဖြစ်သော ရုရှားနိုင်ငံ၏ အကူအညီဖြင့် အဆိုပါ စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလျက်ရှိသည်။
ဗုဒ္ဓဟူးနေ့က မော်စကိုတွင် ပြုလုပ်သည့် စီးပွားရေးဖိုရမ်တစ်ခု၌ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ယခုစီမံကိန်းသည် မလက္ကာရေလက်ကြားကို ဖြတ်သန်းရသည်ထက် ကုန်စည်ပို့ဆောင်ချိန်ကို ၄ ရက်မှ ၆ ရက်အထိ ပိုမိုမြန်ဆန်စေမည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ကမ်းလွန်ဓာတ်ငွေ့မြေများနှင့် ၄၅ ကိလိုမီတာခန့်သာ ဝေးကွာကြောင်း နိုင်ငံပိုင်မီဒီယာများကလည်း ဖော်ပြခဲ့သည်။
ရုရှားကုမ္ပဏီများသည် ထားဝယ် SEZ နှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ကုန်သွယ်မှု တိုးချဲ့ရန်နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် အလုပ်အကိုင်သစ်များ ဖန်တီးပေးရန် ရည်ရွယ်ထားကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူးစတင် (Mikhail Mishustin) က ယခုသီတင်းပတ်အတွင်း ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယခုစီမံကိန်းသည် ရုရှားအတွက် အရှေ့တောင်အာရှတွင် ဈေးကွက်ပိုမိုရရှိစေမည်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ဒေသတွင် ဆိပ်ကမ်း ခြေကုပ်စခန်း ရရှိလာစေမည်ဖြစ်ကြောင်း မော်စကို၏ သဘောထားကို သိရှိသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ပြောသည်။
“မြန်မာနိုင်ငံရဲ့ စွန့်စားရမှုက အလွန်မြင့်မားနေဆဲပါ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသလို”ဒီစီမံကိန်း အဓိပ္ပာယ်ရှိစေဖို့အတွက် ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်မှုအပေါ် မူတည်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”။ ဟုလည်း ဆက်လက် သုံးသပ်သည်။
Ref: Reuters / Bangkok Post
