သတိုး
၇. ၁၀. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ဦးစီးကျင်းပပြုလုပ်သည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) ကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContenental Kuala Lumpur Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (NCCIM) ဥက္ကဋ္ဌ Mr. Norsyahrin Hamidon နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံနိုင်မည့်အခွင့်အလမ်းများ ပြောကြားဖိတ်ခေါ်ခဲ့သလို ပြည်ပနိုင်ငံများကြား ရေးသားကြားသိနေသည့် သတင်းများမှာလည်း မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည့်အပေါ် မျက်မြင်သိရန် မလေးရှားလုပ်ငန်းရှင်များကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်လေ့လာရန်ပါ ဖိတ်ခေါ်ပြောကြားခဲ့ပြီး အသေးစိတ် ဆွေးနွေးမှုများ ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။
