၇.၁၀.၂၀၂၆
Written by NYL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူများကို နေအိမ်အဆောင်အတွင်းမှ အောက်တိုဘာ ၆ ရက်၊ နေ့လယ် ၃ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ နယ်မြေ(၄)၊ သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်တွင် အွန်လိုင်းလိမ်လည်လောင်းကစားခြင်းများလုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဆောင်ရှိ အခန်းတစ်ခန်းအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဝင်းချယ်ရီအဆောင်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာတွင် အဆောင်ရှိ အခန်းအမှတ် (၂၁၄) အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ လားရှိုးမြို့နေ မင်ဟွေးဆင်(ဘ)ဦးငွားငူ၊ မဝှေဖူး(ဘ)ဦးငွားဝူ၊ ကောင်းဝင်းကြည်(ခ)အန်းဝယ်(ဘ)ဦးကောင်းကျင်နှင့် ထန်အင်ရှီ(ခ)အဖျင်း(ဘ)ဦးဖာဝမ်းတို့ လေးဦးကို အွန်လိုင်းလောင်းကစားလုပ်ကိုင်ရာတွင် အသုံးပြုသည့် Laptop ၄ လုံး၊ All in One ကွန်ပျူတာ ၁ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ Wifi စက် ၂ လုံး၊ ငွေကျပ် ၄၇၅၀၀၀ တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်း၌ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
