သတိုး
၇. ၁၀. ၂၀၂၆
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးသို့ ရောက်ရှိလာပြီးနောက် နိုင်ငံတော်သမ္မတသည် သံရုံးဧည့်သည်တော် မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကာ အဖွင့်အမှာစကားပြောကြားရာတွင် သံရုံး၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုများအနေဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့ နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက် ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး၊ နှစ်နိုင်ငံ အကျိုးတူစီးပွားရေး လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှ တစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သည် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
