◾ ဆီအုန်းစိုက်ပျိုးမှုနှင့် စားအုန်းဆီ ထုတ်လုပ်မှု လုပ်ငန်းများကို တနင်္သာရီတိုင်းအတွင်း ဆောင်ရွက်နိုင်ပြီး ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်နိုင်ရန် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
◾ မလေးရှားနိုင်ငံ၏ Halal အစားအစာဈေးကွက်ကို ဝင် ရောက်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုစနစ် များ ဖော်ဆောင်ရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းပါ ပြောကြား
◾ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင်ငွေကြေး လွှဲပြောင်းမှုများ ဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဖက်အကျိုးရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်ကြောင်းလည်း ပြောကြား
သတိုး
၇. ၁၀. ၂၀၂၆
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည်ကို ကောင်းစွာသိရှိ လက်ခံထားကြောင်းနှင့် နိုင်ငံရေးအရ တည်ငြိမ်မှု ရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဥပဒေပြဌာန်းချက်များဖြင့် အာမခံချက်ပေးထားသဖြင့် ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မလေးရှားလုပ်ငန်းရှင်များကို ယနေ့ ဖိတ်ခေါ်လိုက်သည်။
အဆိုပါ ဖိတ်ခေါ်မှုကို မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်(NCCIM) တို့က ဦးစီးကျင်းပပြုလုပ်သည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026)ကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContenental Kuala Lumpur Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားစဥ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (NCCIM) ဥက္ကဋ္ဌ Mr. Norsyahrin Hamidon နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များ တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ ရောက်ရှိလာရာ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲကို အခမ်းအနား အစီအစဉ်အတိုင်း စတင်ကျင်းပပြုလုပ်ရာ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် NCCIM ဥက္ကဋ္ဌ Mr. Norsyahrin Hamidon တို့က ကြိုဆိုဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။





ထို့နောက် နိုင်ငံတော်သမ္မတ က နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ နှစ်နိုင်ငံသည် တူညီ သည့် သမိုင်းကြောင်းများရှိပြီး ပထဝီအနေအထားအရ အရှေ့တောင်အာရှကျွန်းဆွယ်၌ အတူတည်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြကြောင်း၊ ယနေ့အချိန်အခါတွင် နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေးနှင့် သံတမန်ရေးရာကဏ္ဍများအပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ်ရေးနှင့် နည်းပညာ၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများအထိ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာလျက်ရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေး ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ပိုမိုခိုင်မာအားကောင်းစေသည့် စီးပွားရေး မိတ်ဖက်ဆက်ဆံရေးတစ်ရပ်အဖြစ် တည်ဆောက်သွားရန်အချိန်အခါကောင်းကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့ကမ္ဘာကြီးသည် စီးပွားရေးနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများ အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ယခုကဲ့သို့ စိန်ခေါ်မှုများနှင့်အတူ နိုင်ငံများ၏ စီးပွားရေးခံနိုင်ရည်စွမ်းအား (Economic Resilience)ရှိရေးသည်လည်း အရေးကြီးလာကြောင်း၊ ယခုအချက်များကြောင့် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများသည် ပိုပြီးအရေးပါလာကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လက်ရှိတွင် မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိပြီး ယခုနှစ် ဩဂုတ်လအထိ ၁ ဒသမ ၀၁ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ရာဘာနှင့် ကုန်ကြမ်းများ၊ ချုပ်ပြီးအထည်များကို မလေးရှားနိုင်ငံသို့ တင်ပို့လျက်ရှိပြီး မလေးရှားနိုင်ငံမှ စက်ဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီ၊ စားသောက်ကုန်၊ စက်မှုကုန်ချောများ၊ အီလက်ထရောနစ်ပစ္စည်းနှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတုကုန်ကြမ်းနှင့် ဆေးဝါးပစ္စည်း စသည်တို့ကို တင်သွင်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုကိုကြည့်ခြင်းအားဖြင့် ထုတ်ကုန်များသည် အပြန်အလှန် ဖြည့်ဆည်းနိုင်သည့် သဘောသဘာဝရှိသည့်အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏကို မြှင့်တင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ၏ အချိုးအစားကို တိုးမြှင့်နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အတူပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ရာတွင် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရုံသာမက မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ကြမ်းနှင့် လယ်ယာ၊ မွေးမြူရေးနှင့် ရေထွက်ကုန်များကို အရည်အသွေး၊ ထုပ်ပိုးမှု၊ အစားအစာ ဘေးကင်း လုံခြုံမှုနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်များကို ပိုမိုတင်ပို့နိုင်ရေးကို မလေးရှားနိုင်ငံ၏ နည်းပညာ၊ စီမံခန့်ခွဲမှု၊ အရည်အသွေးစံနှုန်း၊ ဈေးကွက်ချိတ်ဆက်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက်တို့ကို ပေါင်းစပ်အသုံးချသည့် Joint Venture နှင့် Business-to-Business ပူးပေါင်း ဆောင်ရွက်မှုပုံစံများကို ပိုမိုဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ရင်းနှီးမြှုပ်နှံမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းရန်အတွက် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ရင်းနှီးမြှပ်နှံမှုအတိုင်းအတာကို လေ့လာကြည့်ပါက လက်ရှိတွင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် နဝမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၂ ခုကို ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ အားသာချက်မှာ ကုန်ကြမ်း အရင်းအမြစ်နှင့် ထုတ်လုပ်မှုအခြေခံများ ရှိခြင်းသာမက တန်ဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများဖော်ဆောင်ရန်နေရာနှင့် ဈေးကွက် အလားအလာများ ရှိနေကြောင်း၊ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင် လုပ်သားဖွံ့ဖြိုးရေး၊ ဒေသတွင်း Supply Chain ချိတ်ဆက်မှုနှင့် Export Market Access တို့ပါဝင်သည့် ရေရှည်မိတ်ဖက် ပူးပေါင်းဆောင် ရွက်မှုအဖြစ် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အစားအစာထုတ်လုပ်မှု၊ လယ်ယာထွက်ကုန် ပြုပြင် ထုတ်လုပ်မှု၊ Halal အစားအစာ၊ ရေထွက်ကုန်၊ ရာဘာနှင့် ရာဘာ အခြေခံ ထုတ်ကုန်၊ ထုပ်ပိုးမှု၊ အအေးခန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စက်မှုထုတ်ကုန်နှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များသည် နှစ်နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ် အသုံး ချသွားရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ပြောကြားသည်။
ထို့အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနှင့် မလေးရှားနိုင်ငံတို့သည် အာဆီယံမိသားစုဝင်နိုင်ငံများဖြစ်ကြပြီး ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထို့အပြင် နှစ်နိုင်ငံစလုံးသည် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်လက်မှတ် ရေးထိုးထားပြီး ကမ္ဘာ့ လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ထုတ်လုပ်မှု တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်တွင်လည်း အတူ ပါဝင် လက်မှတ်ရေးထိုးထားကြကြောင်း၊ ယခုကဲ့သို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် မူဘောင်များသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပေါင်းစည်းမှုကို ပိုမိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများဖြစ်သောကြောင့် ထိရောက်ပြီး အကျိုးရှိစွာအသုံးပြုနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များမှတစ်ဆင့် နှစ်နိုင်ငံရေရှည်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများကို အတူဆွေးနွေးဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် အလေးအနက်ထားကြောင်းကို ပြောကြားလိုကြောင်း၊
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဖိတ်ခေါ်နေကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံ၏ လုပ်ငန်းရှင် များ အနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းပြီး စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လယ်ယာအခြေခံသွင်းအားစု ထုတ်လုပ်ခြင်း၊ မွေးမြူရေးနှင့် အသားငါးပြုပြင်ထုတ်လုပ်ခြင်း၊ ရာဘာနှင့် ရေထွက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း စသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်ရုံများတည်ထောင်ခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်များတွင် အတူပူးပေါင်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ ထို့အတူ စိုက်ပျိုးရေးကဏ္ဍတွင်လည်း မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို အသုံးချပြီး မြန်မာနိုင်ငံ၌ ဆန်ကြိတ်ခွဲ စက်ရုံများ၊ ပဲမျိုးစုံသန့်စင်ထုပ်ပိုးတဲ့စက်ရုံများ၊ အစားအစာပြုပြင် ထုတ်လုပ်ရေးစက်ရုံများ၊ အအေးခန်းသိုလှောင်ရုံများနှင့် စားနပ်ရိက္ခာ ဖြန့်ဖြူးရေးလုပ်ငန်းများ တည် ထောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုတိုးတက်ရေးသာမက Farm-to-Market Supply Chain တစ်ခုလုံးကို ခေတ်မီအောင် ဖော်ဆောင်ရန်လည်း အရေးကြီးကြောင်း၊ မျိုးစေ့နှင့်စိုက်ပျိုးရေးသွင်းအားစု၊ ခေတ်မီစက်ယန္တရား၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုလျှော့ချရေး၊ အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ အအေးခန်း သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို တစ်ဆက်တည်း ပူးပေါင်း ဖော်ဆောင်နိုင်ပါက မြန်မာ့လယ်ယာထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အအေးခန်းသိုလှောင်ရုံများ နှင့်အတူ Digital Logistics ၊ Warehouse Management ၊ Cargo Tracking နှင့် အရည်အသွေး ထိန်းချုပ်မှုစနစ်များကိုပါ ပေါင်းစပ်ဖော်ဆောင်နိုင်ပါက လယ်ယာနှင့် ရေထွက် ကုန်များ၏ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများကို လျှော့ချနိုင်ပြီး Export Supply Chain ကို ပိုမိုထိရောက်စွာစီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ ယခုကဏ္ဍတွင် အတွေ့အကြုံများစွာ ရှိသည့် မလေးရှားနိုင်ငံအတွက် ကြီးမားသည့် အခွင့်အရေး ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဆက်လက်ပြီး မလေးရှားနိုင်ငံသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၊ ဆီအုန်း သီးနှံ ကြိတ်ခွဲခြင်း၊ ဆီသန့်စင်ခြင်းနှင့် တန်ဖိုးမြှင့်စားသုံးဆီ ထုတ်လုပ်ခြင်း လုပ်ငန်း များတွင် အတွေ့အကြုံနှင့် နည်းပညာများ ပိုင်ဆိုင်ထားသည့်အတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး အရင်းအမြစ်များနှင့် ပေါင်းစပ်ပြီး စိုက်ပျိုးထုတ်လုပ်မှုမှသည် ဈေးကွက်ဖြန့်ဖြူးခြင်းအထိ ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း၊ ယခုကဲသို့ ဆီအုန်းစိုက်ပျိုးမှုနှင့် စားအုန်းဆီ ထုတ်လုပ်မှု လုပ်ငန်းများကို ပထဝီဝင် ရာသီဥတုအရ သင့်တော်ကောင်းမွန်သည့် တနင်္သာရီတိုင်း အတွင်းတွင် ဆောင်ရွက်နိုင်ပြီး ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်နိုင်ရန် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်လိုကြောင်း၊ မြန်မာနိုင်ငံတွင် မြေဧရိယာကျယ်ပြန့်စွာ ပိုင်ဆိုင်ပြီး စားကျက်မြေများစွာရှိသောကြောင့် မွေးမြူရေးနှင့် အသားငါး ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ကောင်းစွာ ဆောင်ရွက်နိုင်ကြောင်း၊ မလေးရှားနိုင်ငံ၏ Halal အစားအစာဈေးကွက်ကို ဝင် ရောက်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုစနစ် များ ဖော်ဆောင်ရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ထိုမှ တစ်ဆင့် မွေးမြူရေးခြံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်အစာ ထုတ်လုပ်ရေး၊ တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသားထုတ်လုပ်မှုလုပ်ငန်းများတွင် မလေးရှား ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်ဖိတ်ခေါ်လိုကြောင်း၊ ယခုကဏ္ဍတွင် Halal Certification နှင့် Food Traceability စနစ်များ၊ တိရစ္ဆာန် အစာနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု၊ အအေးခန်းနှင့် အသားထုတ်လုပ်မှု နည်းပညာများကို ပူးပေါင်းဖော်ဆောင်နိုင်ပါက မြန်မာနိုင်ငံ၏ မွေးမြူရေးထုတ်ကုန် များကို မလေးရှားဈေးကွက်နှင့် ဒေသတွင်း Halal ဈေးကွက်များကို ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်မည့် အခြေခံကောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အလားတူ မိမိတို့ အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် သံ၊ သံမဏိနှင့် ဘိလပ်မြေ ထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း မလေးရှားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။





ထို့အပြင် အဆွေတော်တို့ သိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် အနေဖြင့် သီလဝါ၊ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များရှိကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်သကဲ့သို့ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်တို့သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဇုန်များတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း။ စက်ရုံတည်ဆောက် ခြင်း အဆင့်မှာသာမက Industrial Cluster ဖော်ဆောင်ခြင်း၊ Supplier Network တည်ဆောက်ခြင်း၊ Logistics Hub နှင့် Export Processing Facilities များတည် ဆောက်ခြင်းတို့အထိ တိုးချဲ့ဖော်ဆောင်နိုင်ကြောင်း၊ ယခုကဲ့သို့ Clusterbased Development ပုံစံနှင့် ဆောင်ရွက်နိုင်ပါက မလေးရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများအကြား ရေရှည် Supply Chain ချိတ်ဆက်မှုများကို ပိုမိုဖန်တီးနိုင်မည်ဖြစ် ကြောင်း၊ အဆွေတော်တို့အနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် တည်ဆောက်ပြီး စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လုပ်ငန်းလိုအပ် ချက်နှင့် တည်နေရာအားသာချက်ကိုမူတည်ပြီး စွမ်းအင်စီမံကိန်းများ၊ စက်မှုစီမံကိန်းများကို ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင် အဆိုပြုတည်ထောင်ဆောင်ရွက်နိုင်ကြောင်း၊ ယခုကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် MSME လုပ်ငန်းများသည်လည်း နှစ်နိုင်ငံ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ၏ e-commerce စနစ်အကောင်အထည်ဖော်ခြင်း၊ ကျွမ်းကျင်မှု လုပ်ငန်းခွင်သင်တန်းကျောင်းများ ပူးပေါင်းဖွင့်လှစ်ခြင်း၊ MSME စက်မှုထုတ်ကုန်များ ချိတ်ဆက်ပူးပေါင်းထုတ်လုပ်ခြင်းတို့ဖြင့် နှစ်နိုင်ငံအကျိုးရှိမည့် Value Chain တစ်ခုကိုဖန်တီးနိုင်ကြောင်း၊ MSME ပူးပေါင်းဆောင်ရွက်မှုသည်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံ MSME များအကြား Business Matching ၊ Supplier Matching နှင့် Technology Matching အစီအစဉ်များကို ပုံမှန်ကျင်းပပေးနိုင်ပါကအကျိုးရှိမည်ဟုယုံကြည်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၏ E-commerce နှင့် Digital Business အတွေ့အကြုံများကို မြန်မာ MSME ထုတ်ကုန်များနှင့်ချိတ်ဆက်ပေးခြင်းအားဖြင့် အာဆီယံဈေးကွက်ကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် နောက်ထပ် အရေးပါသည့် ကဏ္ဍတစ်ခုသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ ဖြစ်ကြောင်း၊ လက်ရှိမလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ များစွာရှိနေသည့်အတွက် Remittance channel က အရေးကြီးကြောင်း၊ တရားဝင် Channel ကို အသုံးပြုရသည်မှာ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက Financial flow ပိုမိုကောင်းမွန်လာပြီး ရွှေ့ပြောင်းလုပ်သားများအတွက်လည်း လုံခြုံ စိတ်ချရသည့် ငွေလွှဲလမ်းကြောင်း ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဘဏ် များ၊ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနှင့် FinTech ကုမ္ပဏီများအကြား ပူးပေါင်းပြီး ငွေပေးချေမှုနှင့် ငွေလွှဲဝန်ဆောင်မှုများကို လုံခြုံ၊ မြန်ဆန်၊ ပွင့်လင်းပြီး သက်ဆိုင်ရာ စည်း မျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် Digital Payment နှင့် တရားဝင်ငွေကြေး လွှဲ ပြောင်းမှု (Remittance)များ ဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဖက်အကျိုးရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အတွက် မြန်မာ နိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုး တက်လာစေရန် နှစ်နိုင်ငံဘဏ်များ အကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နယ် စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် ငွေရှင်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ကုန်သွယ်မှု ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများ တိုးချဲ့ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေး အထောက်အပံ့များ ပိုမိုရရှိစေရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း၊ ငွေပေးချေမှုနည်းပညာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အန္တရာယ်စီမံခန့်ခွဲမှု အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံနှင့် မျှဝေခြင်း၊ နှစ်နိုင်ငံ ဘဏ်များအကြား နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်မိကြောင်း၊ အလားတူ မြန်မာနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွား ဝန်ဆောင်မှုကဏ္ဍများကိုလည်း အားပေးဖော်ဆောင်လျက်ရှိရာ ယခုကဏ္ဍများသည် သိသိသာသာ တိုးတက် ထွန်းကားလာနေသည် မလေးရှားနိုင်ငံက လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိနေကြောင်း ပြောကြားလိုကြောင်း၊ မလေးရှားနိုင်ငံသည် ပညာရေးနှင့်ပတ်သက်ပြီး ပညာရေးကုန်ကျစရိတ် သင့်တင့်မှု၊ နိုင်ငံခြားကျောင်း သားများကို ဆွဲဆောင်နိုင်မှုများကြောင့် ဒေသတွင်းပညာရေးဗဟိုချက်တစ်ခု ဖြစ်လာနေသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံ၏ နိုင်ငံတကာပညာရေး လုပ်ငန်း အတွေ့အကြုံကို အသုံးချပြီး မြန်မာနိုင်ငံတွင် ပညာရေးလုပ်ငန်းများ တည် ထောင်ခြင်း၊ ပူးတွဲသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ပညာရေး ဝန်ဆောင်မှုများတိုးချဲ့ခြင်း တို့ကို စီးပွားရေးအခွင့်အလမ်းအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍသည်လည်း မြန်မာ–မလေးရှားနှစ်နိုင်ငံအနေဖြင့် ဆေးရုံနှင့် ဆေးခန်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆေးဘက် ဆိုင်ရာခရီးသွားလုပ်ငန်း (Medical Tourism)၊ Telemadicine/ Telecounsultation ၊ ကျန်းမာရေးနည်းပညာနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးစသည့်အပိုင်းများတွင် စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် သဘာဝထွက်ကုန်စီးပွားရေးစနစ်မှ ခေတ်မီ နည်းပညာ၊ ဆီမီးကွန်ဒတ်တာ (Semiconductor)၊ ဉာဏ်ရည်တု (AI)၊ ဒေတာစင်တာတည်ဆောက်ခြင်း စသည့် ခေတ်မီစက်မှုစီးပွားရေးစနစ်ကို အောင်မြင်စွာကူးပြောင်းနေ သည်ကို လေ့လာသိရှိရကြောင်း၊ ယခုကဲ့သို့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံရန်အတွက်လည်း မြန်မာနိုင်ငံသည် အကြီးမားဆုံး အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသ တစ်ခုဖြစ်သည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ပြင်ဦးလွင်မြို့ အနီးတဝိုက်တွင် ဖွင့်လှစ်ထားကြောင်း၊ စီမံကိန်းဧရိယာ ၂၈၀၀ ဟတ်တာကျော်(၇၀၀၀ ဧက)ခန့် ကျယ်ဝန်းသည်အတွက် အိုင်တီလုပ်ငန်းသစ်များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများအပြင် High-Tech Zone သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေမည့် နည်းပညာနှင့် ဝန်ဆောင်မှု အခြေပြုထုတ်လုပ်မှုဇုန်များ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအတွက် အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု(AI) အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင်ဖော်ဆောင်ရေးများတွင် စိတ်ပါဝင်စား သည့် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ အထူးသဖြင့် မလေးရှားနိုင်ငံ၏ Electrical and Electronics၊ Semiconductor၊ Machinery and Equipment နှင့် Digital Technology ကဏ္ဍများ သည် ရှိပြီးသား အတွေ့အကြုံနှင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊ လုပ်သားအင်အားနှင့် ဈေးကွက်အခြေခံတို့ကို ပေါင်းစပ်ပြီး Assembly၊ Component Manufacturing၊ Technical Training နှင့် Technology Transfer လုပ်ငန်းများကို ပူးပေါင်းဖော်ဆောင် နိုင်မည့် အလားအလာများ ရှိကြောင်း၊ ထိုသို့ နည်းပညာပူးပေါင်းဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းထက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုပါ တစ်ပြိုင်နက် တည်း ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် Malaysian technology companies များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ နည်းပညာသင်တန်း ကျောင်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းများ အကြား Internship၊ Vocational Training၊ Technical Certification နှင့် Skills Development Program များကို ပူးပေါင်းဖော်ဆောင်နိုင်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလက်တွေ့ကျစေရန်အတွက် နှစ်နိုင်ငံအစိုးရဌာနများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ Chamber of Commerce များနှင့် ပုဂ္ဂလိက ကဏ္ဍတို့ပါဝင်သည့် ပုံမှန် Business Dialogue နှင့် Business Matching Mechanism တစ်ရပ်ကို ပိုမိုအားကောင်းအောင် ဖော်ဆောင်နိုင်ပါက ကောင်းမွန်မည်ဟု ယုံကြည်ကြောင်း၊ အဆိုပါမူဘောင်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ကုန်သွယ်နိုင်သည့် ထုတ်ကုန်များ၊ လိုအပ်သည့် နည်းပညာနှင့် အရည်အသွေးစံနှုန်းများ၊ မိတ်ဖက်လုပ်ငန်းများနှင့် ဈေးကွက်လိုအပ်ချက် များကိုတစ်နေရာတည်းမှာ ချိတ်ဆက်ပေးနိုင်မည့် Business Information and Investment Facilitation Platform တစ်ရပ်ကိုလည်း ဖော်ဆောင်နိုင်ကြောင်း၊ ယခု လုပ်ငန်းစဉ်များမှတစ်ဆင့် ယနေ့ဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေးခြင်းကိုသာမက လက်တွေ့ကျသည့် Investment Project၊ Joint Venture၊ Export Contract နှင့် Technology Partnership များအဖြစ် ဆက်လက် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း။
မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို မူပိုင်ခွင့် ဥပဒေ(၄)ရပ်နှင့်အညီ အကာအကွယ်ပေးထားပြီဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် အလုပ်အကိုင်များဖန်တီးခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း အလေးထားကြောင်း၊ အခြားတစ်ဖက်တွင် ရင်းနှီး မြှုပ်နှံသူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကိုလည်း မူဝါဒနှင့်အညီ ကာကွယ်စောင့် ရှောက်ပေးလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုကို နီးကပ်၍ ဆက်ဆံရေးရှိသည့် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်အတူ လက်တွဲဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် မလေးရှားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးကိုလည်း ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားကို အခွင့်အလမ်းများကို ဖလှယ်ဆွေးနွေးသည့် နေရာတစ်ခု အဖြစ်သာမက နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို စတင်အကောင်အထည်ဖော်နိုင်မည့် Platform တစ်ခုအဖြစ် ရှုမြင်စေလိုကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝနှင့် လူ့စွမ်းအားအရင်းအမြစ်များ၊ မလေးရှားနိုင်ငံ၏ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ချိတ်ဆက်မှုများကို ပေါင်းစပ်အသုံးချပြီး “ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုမှ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ထုတ်လုပ်မှုမှဒေသတွင်း ဈေးကွက်ချိတ်ဆက်မှု” ဟူသည့် ရေရှည်ပူးပေါင်း ဆောင်ရွက်မှု ကွင်းဆက်တစ်ရပ်ကို အတူတကွ တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ အထူးသဖြင့် မလေးရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကို ဈေးကွက် တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှုအတွက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ပြီး ရေရှည်အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် နိုင်ငံတော်သမ္မတက အကျယ်တဝင့် ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာဆိပ်ကမ်းလုပ်ငန်းများအပါအဝင် ကုန်စည် စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆီအုန်းနှင့် အုန်း စိုက်ပျိုးရေးအပါအဝင် ဘက်စုံ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍ၊ သံမဏိ (Steel) နှင့် သတ္တုရိုင်းထုတ်လုပ်မှုနှင့် ထုတ်ကုန်ပစ္စည်းများအပါအဝင် ဆောက်လုပ်ရေး ကဏ္ဍတို့၌ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှု၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းမှုများဆောင်ရွက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ၊ ဒေသတွင်း နိုင်ငံများနှင့် ပတ်သက်၍ မဟာဗျူဟာမြောက်စီးပွားရေးအမြင်သုံးသပ်တွေ့ရှိမှုများ၊ မြန်မာနိုင်ငံနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား မူဝါဒများ၊ အကောင်အထည်ဖော် ဆောင်ရွက်မှု စံသတ်မှတ်ချက်များအနေဖြင့် လိုက်လျောညီထွေဖြစ်ရန်လို အပ်မှုအခြေ အနေများ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် လက်တွေ့ကျသည့် အကြံပြု ချက်များ၊ အလားအလာများ၊ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ သက် ဆိုင်ရာကဏ္ဍများ အလိုက် အသီးသီးအကျယ်တဝင့် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများနှင့် အလားအလာများ၊ အခြေအနေများကို အဖွင့်၌ ထည့်သွင်းပြော ကြားခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ရင်းနှီးမြှုပ် နှံမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများ၊ အခွင့်အလမ်းများ နှင့် အကြံပြုချက်များ၊ သုံးသပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြဆွေးနွေးသွားကြသည်ကို အားရဖွယ်တွေ့မြင်ရပါကြောင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည်ကို မိမိအနေဖြင့် ကောင်းစွာသိရှိ လက်ခံထားပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံ ဒီမိုကရေလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်မှု ရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း ဥပဒေပြဌာန်းချက်များဖြင့် အာမခံချက်ပေးထားပါကြောင်းနှင့် ယုံကြည်စိတ်ချစွာဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးဖိတ်ခေါ်လိုပါကြောင်း။
မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးမှု များအားလုံးသည် မြန်မာနိုင်ငံ၌ အမှန်တကယ်လိုအပ်ချက်များရှိနေသည့် လက်တွေ့ ကျသည့် ကိစ္စရပ်များပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေးအရ အားကောင်းလာစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို အစွမ်းကုန် ကူညီဖြည့်ဆည်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်၍ လက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေအနေများကို ကိုယ်တိုင်လေ့လာ၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အလားအလာနှင့် အခွင့်အလမ်းများကို ဆုပ်ကိုင်အကောင်အထည်ဖော် ဆောင်ကြစေလိုကြောင်း၊ ယခု ကဲ့သို့ နှစ်နိုင်ငံ ထိပ်သီးလုပ်ငန်းရှင်များအချင်းချင်း ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးရသည့်အချိန်တွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုကနဦး တွေ့ဆုံမှုသည် အောင်မြင်ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုပင်ဖြစ်ပြီး ယခုထက်ပိုမိုကျယ်ပြန့်ပြီး လက်တွေ့အကျိုးရှိမည့် စီးပွားရေးမျက်နှာစာသစ်တစ်ခုကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
