MT News
၂၁.၈. ၂၀၂၆
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ရှိ သံတမန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါသံရုံးဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် သံရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ကိုဖွင့်လှစ်ပြီး အလေးပြုကြသည်။







ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Η.Ε. Mr. Maxim Ryzhenkov တို့က မြန်မာသံရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတထံ ဘယ်လာရုစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက သံရုံးဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား ဂါရဝပြုပေး အပ်ပြီး သံအမတ်ကြီးက ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား သံရုံးဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံ၊ သံတမန်ခန်းမ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ဘယ်လာရုစ်နိုင်ငံ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက နိုင်ငံတော်သမ္မတထံ နိုင်ငံတော်သမ္မတ၏ ပုံတူပန်းချီကားကို လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မင့်စ်မြို့ရှိ သံတမန်ဇုန်မြေနေရာ၌ မြန်မာသံရုံးဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
