

သတိုး
၆. ၁၀. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဥ်အတွင်း မလေးရှား ဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်နှင့် နှစ်နိုင်ငံအရေး တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနှင့် မလေးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများက ယနေ့ သတင်းထုတ်ပြန်သည်။
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှ ၈ ရက်နေ့အထိ လက်ခံကျင်းပမည် ဖြစ်သည်ဟုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ခရီးစဥ်အတွင်း မလေးရှား ဝန်ကြီးချုပ် ဒါတို စရီ အန်ဝါ အီဘရာဟင် (Dato’ Seri Anwar Ibrahim) သည် သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးသွားမည် ဖြစ်သည်။ ထိုဆွေးနွေးပွဲများတွင် မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေသည့် နေရပ်စွန့်ခွာ မြန်မာနိုင်ငံသားများအား ၎င်းတို့၏ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် အာဆီယံ မူဘောင်များအောက်မှ ဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်မှုများကိုလည်း ပြန်လည်သုံးသပ်သွားကြရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။
ဤခရီးစဉ်သည် မလေးရှား ဝန်ကြီးချုပ်အတွက် ၂၀၂၆ ခုနှစ် မေလတွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို မူဝါဒရှိရှိ၊ တည်ဆောက်ရေးဆန်ဆန် ဆက်လက်ထိန်းသိမ်းသွားရန်နှင့် တူညီဆန္ဒ ၅ ချက် (5PC) နှင့်အညီ ဆောင်ရွက်နိုင်ရန် အခွင့်အရေးတစ်ခု ဖြစ်စေမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကလည်း မလေးရှားဝန်ကြီးချုပ်သည် မလေးရှား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု အစိတ်အပိုင်းတစ်ခုအဖြစ် ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးတာဝန်ယူထားသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။ ထို့အပြင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Dato’ Seri Utama Haji Mohamad bin Hasan) သည်လည်း ၂၀၂၅ ခုနှစ် ဧပြီလနှင့် အောက်တိုဘာလအပြင် ၂၀၂၆ ခုနှစ် မေလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေးအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို အာမခံနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ် ဖိတ်ကြားရသည့် ရည်ရွယ်ချက်မှာ မလေးရှား – မြန်မာ နှစ်နိုင်ငံအကြား မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မြန်ဆန်လာစေရန်အတွက် တရားဝင်ဖိတ်ကြားထားသည်ဟုလည်း မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်က ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
