၆.၁၀.၂၀၂၆
Written by Linn Eain
သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ WY ဆေးပြားများနှင့် အိုက်စ် မူးယစ်ဆေးဝါးများ သာကေတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က အောက်တိုဘာ ၆ ရက် ထုတ်ပြန်မှုအရ သိရသည်။
သာကေတမြိို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ဇင်္ဂမလမ်းတွင် အောက်တိုဘာ ၆ ရက်၊ ညနေ ၅ နာရီခန့်တွင် လမ်းလျှောက်လာသူ သန်းထွေး(ခ)နိုင်ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၃၅၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီခွဲတွင် ကျော်ကျော်လွင်(ခ)ကျော်လွင် နေထိုင်သည့် သာကေတမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်ရဲဖြိုး(ခ)အောင်လေးအားတွေ့ရှိပြီး နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃ ဒသမ ၃၉ ကီလို (ဒေသကာလတန်ဖိုးငွေကျပ် ၈၄၇ ဒသမ ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၂၁၉၇ ဒသမ ၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သန်းထွေး(ခ)နိုင်ဦး(၄၉)နှစ်၊ ကျော်ကျော်လွင်(ခ)ကျော်လွင်(၅၃)နှစ် နှင့် အောင်ရဲဖြိုး(ခ)အောင်လေး(၃၁)နှစ်တို့အား သာကေတမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
