၆.၁၀.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းဘူတာအနီးတွင် ရိုက်နှက်ထားသောဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ဦးခေါင်းတွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာ၊ ညာဘက်လက်ကောက်ဝတ်တွင် ပြတ်ရှဒဏ်ရာနှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညကရန်ဖြစ်တာ ဝိုင်းရိုက်ပြီး ဘူတာနားပစ်ထားတာလို့တော့ ကြားတယ်။ ဒီမနက်တွေ့တော့ အရိုက်ခံထားရတဲ့ အမျိုးသားက သေဆုံးနေပြီ”ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာများဖြင့် သေဆုံးနေသူမှာ လတ်တလောတွင် ပိုင်ရှင်မပေါ်သေးဘဲ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးပေ။
သေဆုံးသူ၏ရုပ်အလောင်းကို မေတ္တာလေညှင်းလူမှုကူညီရေးအသင်းမှ အသင်းဝင်များက မိုးညှင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကာ တာဝန်ရှိသူများက ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဆောင်ရွက်နေကြောင်း သိရသည်။
