၆.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဖန်နားပိုကျေးရွာအနီးတွင် ကလေးငယ်သုံးဦး သုံးလောင်းပြိုင် သတ်ဖြတ်ခံရပြီး ရုပ်အလောင်းများကို စမ်းချောင်းအတွင်း အောက်တိုဘာလ ၅ ရက် ညနေ ၃ နာရီခန့်က ပြန်တွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသတ်ခံရသော ကလေးငယ်သုံးဦးမှာ ညီအစ်ကို တော်စပ်ပြီး အသက် ၅ နှစ်အရွယ် အားဖြိုကို ဦးခေါင်းနောက်စေ့ကွဲအက်ဒဏ်ရာနှင့် ဘယ်ဘက်မျက်ခုံးတွင် ပြတ်ရှဒဏ်ရာများ၊ အသက် ၉ နှစ်အရွယ် ယားပါလုံးတွင် ဦးခေါင်းခွံကွဲကြေဒဏ်ရာနှင့် နားထင်နှစ်ဖက်တွင် ကြေမွဒဏ်ရာများနှင့် အသက် ၁၂ နှစ်အရွယ် လော်နောင်တွင် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ညာဘက်နားတွင် ပြတ်ရှဒဏ်ရာ၊နောက်ကျောတွင် ညိုမဲဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်တွင် အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းအချိန် မိဘနှစ်ပါးက တောင်ယာလုပ်ကိုင်ရန် နေအိမ်မှ ထွက်သွားကာ ညီအစ်ကိုသုံးဦးကို အိမ်တွင်ထားခဲ့ပြီးနောက် တောင်ယာမှပြန်လာစဥ် အစ်ကိုအကြီးဖြစ်သူ လော်နောင်ကိုသာ တွေ့ရှိသဖြင့် ကျန်ညီနှစ်ဦးကို သွားရောက်ရှာဖွေခိုင်းရာမှ ကလေးငယ်သုံးဦးစလုံး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
မိသားစုဝင်များနှင့် ကျေးရွာဒေသခံများက ဝိုင်းဝန်းရှာဖွေရာမှ အောက်တိုဘာလ ၅ ရက် ညနေ ၃ နာရီခန့်တွင် ကျေးရွာအနီးရှိ တောင်ကျစမ်းချောင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ညီအစ်ကိုသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မိုင်းဆတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ နားခေါ်ရွာ၊ ပန်ဆိုင်ချောင်းကူးတံတားအနီးတွင် အသက် ၈၅ နှစ်အရွယ် ဦးလိုင်ခမ်းနှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်အုန်းတို့အားဓားဒဏ်ရာများဖြင့် အသတ်ခံထားရသော ရုပ်အလောင်းများ တွေ့ရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
