


၇.၁၀.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာတွင် လူဦးရေ ၃၀ ကျော်လာရောက်ကစားသော ဂျင်ဝိုင်းကို ခြံဝင်းတစ်ခုတွင်အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကျေးရွာနေသူ ဒေသခံများ၏ တိုင်ကြားချက်အရ ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ အလျော်အစား ပြုလုပ်သူနှင့် လောင်းကစားသူ ဦးအောင်ကျော်ထိုက် အပါအဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦးတို့ကို လက်ရဖမ်းမိခဲ့သည်။
ထို့အပြင် ဂျင်ကစားရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၂၁၁ သိန်းခန့်၊ မော်တော်ဆိုင်ကယ် အစီး ၃၀၊ မော်တော်ယာဉ် ၇ စီးနှင့် အိုးဝေ ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိသူများကို သာယာဝတီမြို့မရဲစခန်းက လောင်ကစားဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားပြီး လောင်းကစားဝိုင်းမှ ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးအပြင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ထားကာ ထွက်ပြေးတိမ်းရှောင်သွားသူများကိုလည်း ဆက်လက်ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်ကလည်း ဧရာဝတီ တိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုကို ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ ကြက်ဝိုင်း ၃ ဝိုင်း၊ လောင်းကြေးငွေ ကျပ်သိန်း ၁၄၀ ကျော်၊ ဖုန်းအလုံး၂၀၊ ဆိုင်ကယ် ၄၇ စီး၊ မော်တော်ယာဥ် ၆ စီး၊ အိုးဝေ ၂ စီး အပါအဝင် စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၅၄၀၀ ကျော်ဖိုး ဖမ်းမိခဲ့ကြောင်း သိရသည်။
