သတိုး
၇. ၁၀. ၂၀၂၆
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ် ယနေ့စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီခန့်အချိန် နေပြည်တော်လေဆိပ်မှ ထွက်ခွာလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ယနေ့ခရီးစဥ်သည် အောက်တိုဘာ ၈ ရက်နေ့အထိ နှစ်ရက်တာ ကြာမြင့်မည်ဖြစ်ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်အပြင် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်သည်။
အလားတူ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကာ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ် ဖိတ်ကြားရသည့် ရည်ရွယ်ချက်မှာ မလေးရှား – မြန်မာ နှစ်နိုင်ငံအကြား မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မြန်ဆန်လာစေရန်အတွက် တရားဝင်ဖိတ်ကြားထားသည်ဟုလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထုတ်ဖော်ပြောကြားထားသည်။
