၇.၁၀.၂၀၂၆
Written by Thiri
အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံဆီ ပို့ဆောင်ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားသူတစ်ဦးကို ထောင်ဒဏ် ၂၃ နှစ်နဲ့ TikTok မှတစ်ဆင့် လှည့်ဖြားခေါ်ဆောင်ကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေသူနှစ်ဦးကို ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တာကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်အိမ်တည်းနေ အဘိုးဖြစ်သူရဲ့ နောက်အိမ်ထောင် ဒေါ်စန်းမိုး(ခ)မိသဲက တရုတ်အမျိုးသားနဲ့ တစ်နှစ် ပေါင်းသင်းရမည်၊ ငွေကျပ်သိန်း ၉၀ ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး ၎င်းရဲ့သမက်ဖြစ်သူ ကျော်ဝင်းထွန်း(ခ)ဝေလင်း၊ သမီးဖြစ်သူ စိုးသန္တာ(ခ)စိုးသန္တာထွန်းတို့နဲ့ မဝတ်ရည်တို့က မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဆီ ပို့ဆောင်ဖို့ ခေါ်ဆောင်လာကြောင်း စိစစ်ပေါ်ပေါက်တာကြောင့် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်း (ပ)၆၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှာ ပြင်ဦးလွင်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ကျော်ဝင်းထွန်း(ခ)ဝေလင်းအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်စန်းမိုး(ခ)မိသဲ၊ မဝတ်ရည်နှင့် စိုးသန္တာ(ခ)စိုးသန္တာထွန်းတို့ သုံးဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
နောက်ထပ်ဖြစ်စဉ်တစ်ခုက ပြင်ဦးလွင်မှ အမျိုးသမီးတစ်ဦးကို TikTok မှတစ်ဆင့် ထမင်းချက်အလုပ်ဖြင့် လစာ ကျပ် ၂၅ သိန်းရမယ်လို့လှည့်ဖြားကာ အမျိုးသားတွေနဲ့ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခိုင်းခြင်းတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရေသူရောက်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်နေ မရတနာဦး(ခ) မရတီမိုင်းနဲ့ ခင်ပွန်းဖြစ်သူ ပြည့်ဖြိုးမောင်တို့က TikTok အကောင့်မှတစ်ဆင့် ထမင်းချက်အလုပ်ရှိကြောင်း၊ တစ်လငွေကျပ် ၂၅ သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ခဲ့ပြီး ထမင်းချက်အလုပ်မခိုင်းဘဲ စားသောက်ဆိုင်တွေမှာ ရှိုးလျှောက်ခြင်း၊ အမျိုးသားတွေနဲ့ ဝိုင်းထိုင်ခြင်း၊ အမျိုးသားတွေနဲ့ ပြင်ပကို လိုက်ကာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရမှာဖြစ်ကြောင်း ပြောတာကြောင့် ထွက်ပြေးခဲ့ပေမယ့် အခန်းတွင်းပိတ်လှောင်ထားကာ မိသားစုထံမှ ငွေကျပ် ၅ သိန်း တောင်းခံပြီး မရတနာဦး(ခ)မရတီမိုင်းနှင့် ပြည့်ဖြိုးမောင်တို့အားပေးပြီး နေအိမ်ပြန်ခဲ့ရကြောင်း စိစစ်ပေါ်ပေါက်တဲ့အတွက် အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်း (ပ)၉၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ အရ အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မရတနာဦး(ခ)မရတီမိုင်းနှင့် ပြည့်ဖြိုးမောင်တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
