၇.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဥရောပပါလီမန် တရားဝင်ရုံးစိုက်ရာ စထရာ့စ်ဘော့ဂ်မြို့တွင် “The Orange Plague” ဟု အမည်ပေးထားသည့် အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အဝတ်မပါ၊ ရွှေတုတ်ရှည်ကိုင်ထားပြီး လူပုလေးတစ်ယောက်၏ ကျောပေါ်တွင် ထိုင်နေသည့် သရော်ရုပ်တုကို ပြသထားကြောင်း သိရသည်။
သရော်ရုပ်တုက ၂ ဒသမ ၅ မီတာ အမြင့်ရှိကာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများကို ဒေါ်နယ်ဒ်ထရမ့်ပ်က အနှောင့်အယှက်ဖြစ်အောင်လုပ်ဆောင်နေမှုများအတွက် အပြစ်တင်သရော်သည့်အနေဖြင့် ဒိန်းမတ်အနုပညာရှင် ဂျန်းဂယ်လ်စကီရော့ Jens Galschiot က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်အနုပညာရှင်က ရုပ်တုကို ၂၃ ကာရက် ရွှေနှင့် ပြုလုပ်ထားကြောင်းနှင့် တရားမျှတမှုမရှိခြင်း၏ ဘုရင် “King of injustice” ဟုလည်း ခေါ်ကြောင်း ပြောခဲ့သည်။
ရုပ်တုက မနိုင်ဝန်ထမ်းကာ ဝန်ထုပ်ဝန်ပိုးများအောက်တွင် နစ်မြုပ်နေသည့် လူပုလေးတစ်ယောက်၏ ကျောပေါ်တွင် King of injustice က ထိုင်နေသည်ကို ပုံဖေါ်ထားခြင်းဟု ရှင်းပြထားသည့် ကမ္ပည်းပြားများကို ရုပ်တုဘေးတွင် တွေ့ရမည် ဖြစ်သည်။
ထရမ့်ပ်က “ကျွန်တော် သူ့ကို ကူညီဖို့ ဘာမဆို လုပ်မှာပါ။ သူ့ကျောကနေ ဆင်းသွားတာကလွဲလို့” ဟု ပြောနေသည်ကို ကမ္ပည်းပြားတွင်ဖော်ပြထားပြီး အနုပညာရှင်က ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန် ကြိုးပမ်းမှုများကို ထရမ့်ပ်က ဟန့်တားအနှောင့်အယှက်ပြုနေခြင်းအတွက် ထရမ့်ပ်ကို အပြစ်တင် သရော်ထားခြင်း ဖြစ်သည်။
အဆိုပါရုပ်တုက လွှတ်တော်အဆောက်အအုံနှစ်ခုကို ဆက်သွယ်ထားသော လမ်းဆုံတွင် တည်ရှိပြီး အောက်တိုဘာလ ၈ ရက်အထိ ထိုနေရာတွင် ရှိနေရန် စီစဉ်ထားသည်။
အနုပညာရှင်ကို ဖိတ်ကြားခဲ့သော လက်ဝဲယိမ်း ဒိန်းမတ် ဥရောပပါလီမန်အမတ် ပါကလော့ဆန်က ထရမ့်ပ်၏ တုံ့ပြန်မှုအပေါ် စိုးရိမ်ပူပန်မှုမရှိကြောင်း ပြောကြားခဲ့သည်။ “တစ်စုံတစ်ယောက်က ဥရောပပါလီမန်မှာ ဒီရုပ်တုကို ပြသတာကို သည်းမခံနိုင်လောက်အောင် အရေပြားပါးလွှာရင် ကမ္ဘာ့ဇာတ်ခုံမှာ ဒီလိုလူအတွက် နေရာမရှိပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတသည် အခြားဥရောပမြို့များတွင်သာမက ဘရာဇီးနိုင်ငံ၊ ဘီလမ်တွင် ကျင်းပသော COP30 ကုလသမဂ္ဂ ရာသီဥတုညီလာခံတွင်လည်း ပြသခဲ့သည့် အဆိုပါရုပ်တုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိဟုသိရသည်။
Ref: DW News
