သတိုး
၇. ၁၀. ၂၀၂၆
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဥ် ထွက်ခွာသွားခဲ့သော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲခန့်အချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ မြို့တော် ကွာလာလမ်ပူ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦးနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့ကြိုဆိုနှုတ်ဆက်စဉ် မလေးရှားနိုင်ငံဂုဏ်ပြုတပ်ဖွဲ့မှလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ ခရီးဦးဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ၈ နာရီအချိန် နေပြည်တော်လေဆိပ်မှ ထွက်ခွာလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ဒုတိယသမ္မတများဖြစ်သော ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ယနေ့ခရီးစဥ်သည် အောက်တိုဘာ ၈ ရက်နေ့အထိ နှစ်ရက်တာ ကြာမြင့်မည်ဖြစ်ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်အပြင် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်သည်။
အလားတူ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးနှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကာ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ် ဖိတ်ကြားရသည့် ရည်ရွယ်ချက်မှာ မလေးရှား – မြန်မာ နှစ်နိုင်ငံအကြား မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မြန်ဆန်လာစေရန်အတွက် တရားဝင်ဖိတ်ကြားထားသည်ဟုလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထုတ်ဖော်ပြောကြားထားသည်။
