၇ .၁၀. ၂၀၁၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်တစ်ခုမှာ အနောက်တိုင်းဆေးတွေ ရောနှောထားပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့ အတွက် အများပြည်သူတွေ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်လိုက်ပါတယ်။
သတင်းပေးတိုင်ကြားချက်များအရ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီက ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း၊ အမှတ် (၃၄) ရှိ “အောင်ပန်းဘုန်းကြီးကျောင်းတိုက်” ကို သွားရောက်စစ်ဆေးခဲ့ရာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နဲ့ ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ထားတဲ့အပြင် အနောက်တိုင်းဆေးဝါးတွေဖြစ်တဲ့ Diclofenac နဲ့ Dexamethasone တို့ ရောနှောပါဝင်နေတဲ့ ဆေးတောင့်၊ ဆေးထုတ်နဲ့ ဆေးမှုန့်တွေကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးတွေ့ရှိရသည့် ဆေးဝါးတွေက
အောင်ပန်း ဆရာတော် သောက်တဲ့ ဆေး (ဒူးနာ၊ ခါးနာပျောက် ဆေးတောင့်/ဆေးထုတ်နဲ့ ဆေးအညွှန်းတံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ ဆေးတောင့်/ဆေးထုတ်၊ ဆေးမှုန့်/ဆေးထုတ်)တွေ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးစစ်မှန်တဲ့ တိုင်းရင်းဆေးဝါးတွေကို သုံးစွဲနိုင်ရေးအတွက် စနစ်တကျ စစ်ဆေးလျက်ရှိရာ တိုင်းရင်းဆေးဝါး ထုတ်လုပ်/ဖြန့်ဖြူးသူတွေ၊ ဆေးဆိုင်တွေအနေနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများနဲ့ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ဆေးဝါးများကို ရောင်းချခြင်း မပြုကြရန် နှိုးဆော်ထားပါတယ်။
အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တိုင်းရင်းဆေးဝါး မဟုတ်သည်များကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၁၊ ၃၂ တို့အရ ထိရောက်စွာ တရားစွဲဆို အရေးယူသွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားပါတယ် ။
