၇. ၁၀. ၂၀၂၆
Written by Thiri
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင် – သဲဖြူကုန်း ရထားလမ်းပိုင်းမှာ သံလမ်းပေါ် တက်အိပ်နေတဲ့ အမျိုးသားတစ်ဦး DEMU ရထားကြိတ်ခံရပြီး အခင်းဖြစ်နေရာတင်ပင် သေဆုံးသွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ လူမှုကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က ပေါင်ဘူတာမှ မော်လမြိုင်ဘူတာကို မောင်းနှင်လာတဲ့ အမှတ် (၈၃) အဆန် DEMU ရန်ကုန် – မော်လမြိုင် ရထားဟာ မိုင်တိုင်အမှတ် (၁၆၂/၁၁) နဲ့ (၁၆၂/၁၂) ကြား အရောက်၊ သံလမ်းပေါ်မှာ အိပ်စက်နေသူကို ကြိတ်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ သံချကုန်းရပ်နေ အသက် (၃၂) နှစ်အရွယ် ကိုဇေယျာလင်း ဆိုသူမှာ ဘယ်ဘက်လက်ပြတ်ကာ ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ဘစိုး လူမှုကူညီကယ်ဆယ်ရေးအသင်းက ပေါင်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရထားကြိတ်မှု ဖြစ်စဉ်ကြောင့် အမှတ် (၈၃) အဆန် ရန်ကုန် – မော်လမြိုင် DEMU ရထားမှာ သတ်မှတ်ချိန်ထက် မိနစ် ၄၀ ခန့် နောက်ကျ ကြန့်ကြာခဲ့ကြောင်းလည်း သိရပါတယ်။
ထို့ပြင်ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းရှိ သိမ်ဇရပ်ဘူတာမှ မော်လမြိုင်ဘူတာအထိ ရထားလမ်းကူး ၁၅၇ နေရာ ရှိသည့်အနက် တရားဝင် ရထားလမ်းကူးမှာ ၁၆ ခုသာ ရှိကြောင်းလည်း သိရပါတယ်။ အထူးသဖြင့် ပေါင်မြို့နယ်အတွင်း တရားမဝင် ရထားလမ်းကူး အများအပြား ရှိနေတာမို့ နှစ်စဉ် ရထားတိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။
