၇.၁၀.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဆူရတ်သာနီပြည်နယ်၊ ဘန်သာခွန်ခရိုင်တွင် အောက်တိုဘာလ ၇ ရက်၊ နံနက်အစောပိုင်းက ဖိလစ်ပိုင်မိသားစုတစ်စု စီးနင်းလာသော Mitsubishi Pajero ကားတစ်စီးက ဘုရားကျောင်းတစ်ကျောင်း၏ နံရံကို ဝင်တိုက်မိခဲ့ရာမှ သုံးနှစ်အရွယ် သားဖြစ်သူ သေဆုံးပြီး ကျန်မိသားစုဝင် သုံးဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်သာခွန် ရဲတပ်ဖွဲ့က အဆိုပါယာဉ်မတော်တဆမှုသည် ခေါ်ဝန်းဒေသရှိ ဆူရတ်သာနီ-တာကူအာပါ လမ်းမကြီးပေါ်တွင် နံနက် ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဟု ပြောကြားခဲ့သည်။
ဖူးကက်တွင် မှတ်ပုံတင်ထားသော အဆိုပါကားသည် လမ်းကွေ့တစ်ခုတွင် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဘုရားကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော Sart Chin ပွဲတော်အတွက် တပ်ဆင်ထားသည့် အလှဆင်သံမဏိမုခ်ဦးကို ဝင်ရောက်တိုက်မိပြီးနောက် ပြင်းထန်စွာ ပျက်စီးသွားသည်ကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးဝန်ထမ်းများက တွေ့ရှိခဲ့ရသည်။
ကားသည် Wat Ta Khun ဘုရားကျောင်းကို ဝိုင်းရံထားသော နံရံကို ဝင်ရောက်မတိုက်မီ စွန်ပလွံပင်တစ်ပင်ကိုလည်း ဝင်တိုက်လဲကျစေခဲ့သေးသည်။ သုံးနှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်းကို ကားအပြင်ဘက်တွင် တွေ့ရှိခဲ့ရပြီး ၎င်းမှာ မတော်တဆဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ကားပေါ်တွင် လိုက်ပါလာသူ အခြားသုံးဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူရန် ဘန်သာခွန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
မူလစစ်ဆေးတွေ့ရှိချက်များအရ ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ကြသော အဆိုပါမိသားစုသည် ဖူးကက်မှ ဆူရတ်သာနီသို့ ခရီးသွားနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကားမောင်းနှင်သူသည် လမ်းကွေ့တွင် အရှိန်လွန်မောင်းနှင်ခဲ့ခြင်း ဖြစ်နိုင်ပြီး လမ်းကြောင်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှု မရှိခဲ့နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ မတော်တဆမှုဖြစ်ပွားရသည့် အတိအကျအကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: Bangkok Post
