၇.၁၀.၂၀၂၆
Written by Linn Eain
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းစျေး ရာပြည့်ပွဲတော်နှင့် စျေးပွဲတော်ကို အောက်တိုဘာ ၇ ရက်၊ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး အောက်တိုဘာ ၁၁ ရက်အထိ ၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် စကော့ဈေး) သည် ၁၉၂၆ ခုနှစ်မှ ၂၂၆ ခုနှစ်အထိ ရန်ကုန်မြို၏ ယဉ်ကျေးမှုနှင့် စီးပွားရေး သမိုင်းကြောင်းတွင် ခန့်ညားထည်ဝါသော မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး အဆိုပါသမိုင်းဝင် မှတ်တိုင်ကို ဂုဏ်ပြုသောအားဖြင့် ရာပြည့်ပွဲတော်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းစျေး ရာပြည့်ပွဲတော်တွင် စျေးစတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ အဆင့်ဆင့်ပြောင်းလဲ ထိန်းသိမ်းထားပုံများပါဝင်သည့် သမိုင်းကြောင်းဆိုင်ရာမှတ်တမ်းများ၊ ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများနှင့် ရှေးဟောင်းပေါင်ချိန်စက်ကို လေ့လာနိုင်ရန်ပြသထားပြီး စျေးဆိုင်ခန်းငယ် စုစုပေါင်း ၁၁၁ ခန်းပါဝင်သည့် စျေးပွဲတော်ကိုလည်း ခင်းကျင်းထားကြောင်းသိရသည်။
ထိုပြင် အနုပညာရှင်များနှင့် တေးသံရှင်များဖြစ်ကြသည့် ခင်မောင်ထူး၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ ရေဗက္ကာဝင်း၊ မေစပယ်ညို၊ သီရိဂျေမောင်မောင်၊ နေထွဋ်၊ ဇွဲပြည့်၊ ပြည့်ဖြိုးစိန်လွင်၊ ဂျေညီမလေး၊ ယုဝေဖြိုး၊ ဟိန်းတေဇ၊ သားကို၊ ယွန်းဝင့်လွှာအောင်၊ ထက်ထက်ပုလဲ၊ ဂျူနီယာချစ်ကောင်း၊ ဆိုင်စံတို့၏ သီဆိုဖျော်ဖြေမှုများကိုလည်း ထည့်သွင်းတင်ဆက်ထားကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းစျေး ရာပြည့်ပွဲတော်ကျင်းပသည့် ၅ ရက်တာကာလအတွင်း လာရောက်လည်ပတ်သူ အမျိုးသမီးများအနက် အသက်ရွယ်မရွေး ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကို လှပစွာဝတ်ဆင်လာသူများထဲမှ “Centenary Queen (Bogyoke Aung San Market)ရာပြည့်ဘုရင်မ” ဆုချီးမြှင့်ရန် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
