၆.၁၀.၂၀၂၆
Translated by Htwe Ko Tun
ခရီးသည် ၂၅ ဦးနှင့် လေယာဉ်အမှုထမ်း ခုနစ်ဦးလိုက်ပါလာသော နိုင်ဂျီးရီးယားစစ်ဘက် လေယာဉ်တစ်စင်းသည် နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာလ ၅ ရက်က ပျက်ကျခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူက လေယာဉ်ပေါ်ပါရှိသူ ၃၂ ဦးစလုံးသည် လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များအတွက် “အလွန်ဝမ်းနည်းကြောင်း” ပြောကြားခဲ့သည်။
လေယာဉ်သည် နိုင်ဂျီးရီးယား၏ စီးပွားရေးအချက်အချာကျသော လာဂို့စ်သို့ ပုံမှန်ခရီးစဉ်တစ်ခုတွင် အွန်ဒိုပြည်နယ်၏ အစ်ဘိုကိုဒါဒေသတွင် ပျက်ကျခဲ့ကြောင်း လေကြောင်းဝန်ကြီး ဖက်စတပ်စ် ကီယာမိုက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
လေယာဉ်သည် အီဒိုပြည်နယ်မှ လာဂို့စ်သို့ ပျံသန်းနေစဉ် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့် (GMT နံနက် ၇:၀၀ နာရီ) တွင် ရေဒါမှ ပျောက်ကွယ်သွားခဲ့ပြီး နောက်ပိုင်း ခရီးတစ်ဝက်ခန့်တွင် ပျက်ကျခဲ့ကြောင်း ကီယာမိုက ပြောကြားခဲ့သည်။
ပျက်ကျလေယာဉ်၏အပျက်အစီးများကို ရေတပ်စခန်းတစ်ခုအနီးတွင် တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားလေတပ်က လေယာဉ်ကို ATR-42 ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်စတင်လုပ်ဆောင်နေပြီဟု ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် လှေဖြင့် ထိုဒေသကို ရှာဖွေနေစဉ် မြစ်အနီးတွင် လူအုပ်ငယ်တစ်စု စုဝေးနေသည်ကို လူမှုမီဒီယာတွင် ပျံ့နှံ့နေသော ဗီဒီယိုတစ်ခုတွင် ပြသထားသည်။
ဒေသခံများက ၎င်းတို့ကြားသိခဲ့ရသည်များနှင့် မြင်တွေ့ခဲ့ရသည်များကို AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ “လေယာဉ်က ပျက်ကျတော့မြေပြင်က သစ်ပင်တချို့ကို တိုင်မိရှင်းသွားခဲ့တယ်။ လေယာဉ်ပျက်နားမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့၊ အဝတ်အစားအချို့နှင့် ဖိနပ်အချို့ကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
Ref: DW News
