၆.၁၀.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချစီမာမြို့ရှိ ဆစ်ချိုဆေးရုံအပြင်ဘက်တွင် အသက် ၇၀ နှစ် အရွယ် အမျိုးသားတစ်ဦးမှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်၊ အင်္ဂါနေ့ မွန်းလွဲပိုင်းက ၎င်း၏ ဆီဒန်ကား မီးလောင်ပြီး ပျက်စီးသွားခဲ့သော်လည်း ကံကောင်းထောက်မစွာ သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဆစ်ချိုခရိုင်၊ မိတ်ထရာဖတ်ခရိုင်၊ ချွမ်ခါလမ်းရှိ ဆစ်ချိုဆေးရုံဝင်ပေါက်တွင် ကားတစ်စီး မီးလောင်နေကြောင်း Promtham Sikhio ကယ်ဆယ်ရေးသမားများထံ ၁၃:၁၅ နာရီခန့်တွင် သတင်းပေးအကြောင်းကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ဘန်ကောက်လိုင်စင်နံပါတ် ပါသော ငွေရောင် Toyota Vios ကားတစ်စီးကို တွေ့ရှိခဲ့ရာကားမှာ အထူးသဖြင့် အင်ဂျင်ခန်းတစ်ဝိုက်တွင် မီးလောင်နေကြောင်း တွေ့ခဲ့သည်။ မီးသတ်သမားများလည်း မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ရန် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
အသက် ၇၀ နှစ် အရွယ် ဆွမ်ချိုင်းဟု အမည်ရသော ကားပိုင်ရှင်က ၎င်းမှာ ဆရာဝန်နှင့် ပြသရန် ထိုနေ့နံနက်အစောပိုင်းက နခွန် ရတ်ချစီမာမြို့သို့ မောင်းနှင်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏အိမ်ထောင်ဖက်က ဖုန်းဆက်ပြီး ဆစ်ချိုဆေးရုံတွင် လာခေါ်ရန် တောင်းဆိုသည်အထိ ကားသည် အိမ်ပြန်လမ်းတွင် ပုံမှန်အတိုင်း လည်ပတ်နေခဲ့သည်။
ဘန်နွန်ကွမ်းလမ်းဆုံအရောက်တွင်မူ မီးပွိုင့်တွင်စောင့်နေခိုက် ဘရိတ်များ ကပ်နေသလို ထူးခြားသည့် အရာတစ်ခုကို ၎င်းကသတိထား ခံစားမိခဲ့သည်။ ထို့နောက် မီးခိုးနံ့များ အင်ဂျင်ခန်းမှ ထွက်လာသည်ကို ၎င်းသတိထားခဲ့မိသည်။
ဆွမ်ချိုင်းက ဆေးရုံဝင်ပေါက်နားမှ လမ်းဘေးပေါ် ကားကို ချက်ချင်းဆွဲတင်လိုက်ပြီးနောက် ခဏအတွင်းမှာပင် ကားက မီးလောင်ခဲ့ရာ ၎င်းမှာ ကားတံခါးကို အမြန်ဖွင့်ပြီး ဘေးလွတ်ရာသို့ ရှောင်ပြေးခဲ့ရသည်။
ဆစ်ချိုဆေးရုံဝန်ထမ်းနှစ်ဦးက မီးသတ်ဆေးဘူးများနှင့် မီးကို ငြှိမ်းသတ်ရန် အစပိုင်းတွင် ကြိုးစားခဲ့သော်လည်း မီးက ပြင်းထန်ပြီး လေပြင်းတိုက်ခတ်နေ၍ မီးကို မထိန်းချုပ်နိုင်ခဲ့ပေ။
ဆစ်ချိုမြို့နယ် ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနမှ မီးသတ်ကားတစ်စီး ရောက်လာပြီး မီးသတ်သမားများက ကားပေါ် ရေဖြန်းခဲ့ပြီး ၁၅ မိနစ် ခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။
ဆစ်ချိုမြို့တော်ဝန် ပရီချာ ချန်ထရာရူဝေါင်သွန်နဲ့ ဒုတိယမြို့တော်ဝန်တို့ အခင်းဖြစ်ပွားရာနေရာကို လာရောက်ကြည့်ရှုခဲ့ပြီးရဲများကယာဉ်ကြောပိတ်ဆို့မှုကို ထိန်းချုပ်ကာ လုံခြုံရေးယူထားခဲ့သည်။ ကားမီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
Ref: Khaosod
