၆.၁၀.၂၀၂၆
Written by Linn Eain
မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်ကို သန်လျင် သာသနာ့ဗိမာန်တွင်လည်းကောင်း၊ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို လှိုင်သာယာမြို့နယ်ခန်းမတွင်လည်းကောင်း အသီးသီးထားရှိကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာ ၆ ရက်တွင် သိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးသို့ ရောက်ရှိကာ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသား (၂၁၇) ဦးအား အားပေးစကားပြောကြားပြီး အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးကာ ကျန်းမာရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါစစ်ဆေးရန် ဓာတ်မှန်ရိုက်ကူးပေးနေမှု အခြေအနေများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးနေမှုနှင့် အလုပ်အကိုင်ရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ မြို့နယ်စုပေါင်းရုံး အိမ်ရာအတွင်းရှိ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး မြို့နယ်ခန်းမအတွင်း တည်းခိုနေထိုင်လျက်ရှိသည့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၂၀၁) ဦးနှင့် အမျိုးသမီး (၁၀) ဦး စုစုပေါင်း (၂၁၁) ဦးတို့အား တွေ့ဆုံ၍ တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်းခိုနေထိုင်သူများအနေဖြင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်လိုပါက အလုပ်အကိုင်ရရှိနိုင်ရေးအတွက် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဖွင့်လှစ်ထားရှိသည့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုပါ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
